အိုလံပီယာကော့စ်နဲ့ပွဲမှာ အံ့မခန်းလူစားလဲလှယ်မှုကို ပြုလုပ်ခဲ့သူပါ။

တော့တင်ဟမ်ဟော့စပါးနည်းပြသစ် မော်ရင်ဟိုဟာ အိုလံပီယာကော့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ယမန်နေ့ညက ချန်ပီယံလိဂ်ပွဲစဉ် ပထမပိုင်း ၂၉ မိနစ်မှာ အဲရစ်ဒိုင်ယာကို လူစားလဲလှယ်ခဲ့ပြီးနောက် တောင်းပန်စကားပြောကြားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အိုလံပီယာကော့စ်အသင်းရဲ့ ၂-၀ နဲ့ ဦးဆောင်မှုကို စောစီးစွာ ခံခဲ့ရတာဖြစ်ပေမယ့် အထင်ကြီးဖွယ် ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုအနေနဲ့ တော့တင်ဟမ်ဟော့စပါးနည်းပြဘဝအစ ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တို့မှာ နိုင်ပွဲရယူနိုင်ခဲ့တဲ့အတွက် ပြီးပြည့်စုံတဲ့စတင်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။

အိုလံပီယာကော့စ်အသင်းဟာ ၆ မိနစ်နဲ့ ၁၉ မိနစ်တို့မှာ ယူဆက်အယ်အာရာဘီနဲ့ ရူဘင်ဆီမီဒိုတို့ရဲ့ သွင်းဂိုးတွေကြောင့် အိမ်ရှင်တော့တင်ဟမ်ဟော့စပါးအသင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် စပါးနည်းပြမော်ရင်ဟိုက အပြောင်းအလဲမပြုလုပ်မီ အချိန်ဖြုန်းနေခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင််ကွင်းလယ်ကစားသမား အဲရစ်ဒိုင်ယာဟာ ၂၉ မိနစ်မှာပဲ အဲရစ်ဆင်နဲ့ လူစားလဲလှယ်ခံခဲ့ရပြီး ပထမပိုင်းမှာပဲ ဒယ်လီအလီရဲ့ချေပဂိုး ၁ ဂိုးပြန်လည်ရရှိခဲ့တာကြောင့် နည်းပြမော်ရင်ဟိုရဲ့အပြောင်းအလဲဟာ အလုပ်ဖြစ်ခဲ့တယ်ဆိုတာ ပေါ်လွင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မော်ရင်ဟိုက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ အဲရစ်ဒိုင်ယာကို လူစားလဲလှယ်ခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း လူသိရှင်ကြားပြောကြားခဲ့ပြီး အရင်တုန်းက စိ်တ်ဓာတ်မျိုးနဲ့ မော်ရင်ဟိုမဟုတ်တော့တာကို အားလုံး အံ့အားသင့်စွာ မြင်တွေ့ခဲ့ရပါတယ်။

“ပထမဆုံး ကျွန်တော်ပြောချင်တာက ကျွန်တော် အဝတ်လဲခန်းထဲမှာ လုပ်ခဲ့တဲ့ဟာကို လူသိရှင်ကြားဖြစ်အောင် လုပ်ဖို့ပဲ။ အဲဒါက အဲရစ်ဒိုင်ယာကို တောင်းပန်ဖို့ပါ”

“ကျွန်တော် အဲဒီလူစားလဲလှယ်မှုကို အသင်းအတွက် လုပ်ခဲ့တာပါ။ အဲရစ်ဒိုင်ယာ ကစားတာ အရမ်းဆိုးရွားနေလို့မဟုတ်ပါဘူး။ အဲဒါက အသင်းအတွက်ဖြစ်ပြီး ဖြေရှင်းနည်း ရှာဖွေဖို့အတွက် လုပ်ခဲ့တာပါ။ ကျွန်တော်တို့ ၂-၀ နဲ့ ရှုံးနေခဲ့တယ်လေ”

“သူတို့တွေက တော်တော်ကောင်းကောင်းကို ပိတ်ဆို့ထားနိုင်ခဲ့တာကြောင့် ဒယ်လီအလီနဲ့ အချိတ်အဆက်လုပ်ဖို့ ဒုတိယလူတစ်ယောက် ကျွန်တော် လိုအပ်ခဲ့တယ်”

“အဲဒီအတွက် ကျွန်တော် လိုနေတာက ကွင်းလယ်ကစားသမားတစ်ဦးပဲ။ အဲဒါက ကျွန်တော့်အတွက် တကယ်ကို ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အသင်းအတွက် လုပ်ခဲ့ပါတယ်။ အဲရစ်ကလည်း နားလည်ပေမယ့် အဲဒါက ဘယ်တုန်းကမှ မလွယ်ကူတဲ့ကိစ္စပါ”

“လုံးဝရှင်းလင်းသွားအောင် ပြောရမယ်ဆိုရင် အဲဒါက တစ်ဦးချင်းစီအတွက်မဟုတ်ပါဘူး။ အသင်းအတွက်ပါပဲ။ ကျွန်တော် လူစားလဲလှယ်ခဲ့ရတဲ့အတွက် စိတ်မကောင်းပေမယ့် အရေးအကြီးဆုံးအရာက အသင်းပါ”လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

Share

က္က