ဒီနေ့မနက်ပိုင်းက မြောက်ဒဂုံ ပင်လုံလမ်းမှာရှိတဲ့ CBဘဏ်ကို ဓားပြတိုက်ပြီး ဗံုးထောင်ခဲ့တဲ့ဖြစ်စဉ်မှာ ထောင်ထားခဲ့တဲ့ဗုံးက အတုဖြစ်နေတယ်လို့ မြောက်ဒဂုံလွှတ်တော်ကိုယ်စားလှယ်က Duwun ကိုပြောပါတယ်။
ဗုံးကို စစ်ဆေးကြည့်ရာမှာတော့ အထဲမှာ ယမ်းလုံးဝမရှိကြောင်း တပ်မတော်ဘက်ကဗုံးကျွမ်းကျင်ပညာရှင်တွေရဲ့ စစ်ဆေးချက်အရသိရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က Duwun ကိုပြောပါတယ်။
“ ဗုံးက အစစ်နဲ့တော်တော်တူတယ်ဗျ။ စစ်ဆေးကြည့်လိုက်တော့ အထဲမှာ ယမ်းလုံးဝမပါတဲ့ အတုဖြစ်နေတယ်။အခုတော့ ကျွန်တော်တို့တရားခံဖမ်းမိရေးကိုပဲ ဆက်လက်ဆောင်ရွက်နေပါတယ်”လို့ ဦးတင်ထွန်းနိုင်ကပြောပါတယ်။
ဓားပြတိုက်မှုဖြစ်စဉ်မှာ ယူဆောင်သွားခဲ့တဲ့ ငွေပမာဏက တစ်သောင်းတန် ၆အုပ် သိန်း (၆၀၀) အတိအကျယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ဓားပြတိုက်မှုကျူးလွန်တဲ့ သူဟာ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ဘဏ်ကိုအဝင်အထွက်သွားလာနေသူတစ်ဦးဖြစ်တယ်လို့ ဘဏ်လုံခြုံရေး ဝန်ထမ်းကပြောကြောင်းကိုလည်း မျက်မြင်သက်သေတစ်ဦးက ပြောပြပါတယ်။
“ ကျွန်တော်တို့ကအလုပ်လုပ်နေတာ။ ရှေ့မှာဝန်ထမ်းတွေစုပြီးထွက်လာတော့မှ အခုလိုဖြစ်တယ်ဆိုတာသိရတာ။ ကျူးလွန်သူက အသက် (၄၀)လောက်ရှိတယ်လို့ ခန့်မှန်းရတယ်။ အဲဒီလူက လွန်ခဲ့တဲ့ တစ်လလောက်က ဘဏ်ကိုဝင်ထွက်ဖူးတယ်လို့ ဘဏ်လုံခြုံရေးပြောတာ ကြားလိုက်တယ်”လို့ CB ဘဏ်ရဲ့ မျက်နှာချင်းဆိုင်မှာနေထိုင်သူ မျက်မြင်သက်သေတစ်ဦးက Duwun ကိုပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့ မနက် ၉နာရီခန့်က မြောက်ဒဂုံ ပင်လုံလမ်းရှိ CBဘဏ်မှာ လူတစ်ဦးက သေနတ်ကိုင်ဆောင်ကာ ဘဏ်အတွင်းကို ဝင်ရောက်လာပြီး ငွေကျပ် သိန်း(၆၀၀)ယူဆောင်ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ ယခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ဖြေကြားချက်ကိုသိရှိနိုင် ဖို့ Duwun သတင်းထောက်က မြောက်ဒဂုံရဲစခန်းရှေ့မှာ သတင်းစောင့်ဆိုင်းရယူနေပါတယ်။