မြောက်ဦးမြို့နယ် Relief Internationalရုံးက ဝန်ထမ်းတချို့ COVID 19 ကူးစက်ခံခဲ့ရပြီး လက်ရှိမှာ ရုံးကိုပိတ်ထားကာ ကျန်ဝန်ထမ်းများအားလုံးလည်း Quarantine ဝင်ရောက်လျှက်ရှိပါတယ်။
လူနာ နံပတ် (၄၀၈)က Relief International ကဝန်ထမ်းတစ်ဦး ဖြစ်ပြီး သူကတစ်ဆင့် လူနာနံပတ် (၄၄၀)နဲ့ (၄၄၁)ကို ကူးစက်ခဲ့တာဖြစ်ပါတယ်။
ဩဂုတ်လ (၁၉)ရက်နေ့ကတည်းက လူနာ နံပတ်(၄၀၈)မှာ ရောဂါပိုးကူးစက်ခံခဲ့ပြီးနောက် ဝန်ထမ်းတွေကို Quarantineထားရှိခဲ့ရာမှာ လူနာ နံပတ် (၄၄၀)နဲ့ (၄၄၁)က Quarantineဝင်ရောက်နေရာကနေ ရောဂါပိုးတွေ့ရှိခဲ့ရတာပါ။
“ လူနာနံပတ် (၄၀၈)ကနေစပြီး ကျန်တဲ့ ဝန်ထမ်းနှစ်ဦးကိုပါ ကူးတာပါ။ အားလုံးက ကုမ္ပဏီတစ်ခုတည်းက ဝန်ထမ်းတွေ။ စတင်ကူးစက်ခံရတဲ့ လူနာနံပတ် (၄၀၈)က စစ်တွေကနေပြီးတော့မှ မြောက်ဦးကိုရောက်လာတာ။ မြောက်ဦးကိုရောက်ပြီး နောက်ရက်မှာ နှာခေါင်းအနံ့မရလို့ဆိုပြီး မြောက်ဦးဆေးရုံကို လာပြရာကနေ နှာခေါင်းတို့ပတ်ယူပြီးစစ်ဆေးတော့ ရောဂါပိုးတွေ့ရှိခဲ့ရတာပါ”လို့ မြောက်ဦးမြို့နယ် ကျန်းမာရေးမှူး အဆင့်(၁)ဦးလှမောင်သိန်း က Duwun ကိုပြောပါတယ်။
ယခုရောဂါပိုးကူးစက်ခံရတဲ့ ဝန်ထမ်း (၃)ဦးက မြောက်ဦးမြို့ရှိ ရခိုင်စစ်ဘေးရှောင်စခန်းနဲ့ မြောက်ဦးမြို့ပေါ်မှာ ကျန်းမာရေးအကူအညီတွေပေးနေတဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် ကိုဗစ် ဒုတိယလှိုင်းကို ပထမဆုံးခံစားနေရတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး တစ်ပတ်အတွင်းနေ့စဉ် လူနာအရေအတွက်တိုးလာလျှက်ရှိနေပါတယ်။
ဩဂုတ်လ (၁၆)ရက်နေ့က စပြီး ဒီကနေ့ဩဂုတ်လ (၂၄)ရက်နေ့ မနက်ပိုင်းထိ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်လူနာ (၇၂)ဦးရှိပြီး စစ်တွေက (၆၇)ဦး၊ မြေက်ဦးက (၃)ဦးနဲ့ သံတွဲက (၂)ဦးဖြစ်ပါတယ်။