ယခုရက်ပိုင်းအတွင်း ၎င်းရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းမှုမျိုးစုံ ထွက်ပေါ်နေခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း တောင်ကိုရီးယားသမ္မတရဲ့ ထိပ်တန်းလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောကြားလိုက်ပါတယ်။
(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်) (Photo: AFP)
တောင်ကိုရီးယားဘက်က ယခုပြောကြားလာမှုက အရေးပါတဲ့ အခမ်းအနားမှာ ကင်မ်ဂျုံအန်ကို မမြင်တွေ့ရပြီးနောက် ၎င်းရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ထွက်ပေါ်နေခဲ့တဲ့ ကောလာဟလတွေကို ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။ "ကျွန်တော်တို့အစိုးရ သဘောထား ရပ်တည်ချက်က ခိုင်မာပါတယ်၊ ကင်မ်ဂျုံအန်က သက်ရှိထင်ရှားရှိပြီး ကျန်းမာပါတယ်" လို့ တောင်ကိုရီးယားသမ္မတရဲ့ နိုင်ငံတော်လုံခြုံရေး အထူးအကြံပေးပုဂ္ဂိုလ် Moon Chung-in က ဧပြီ ၂၆ ရက်နေ့မှာ CNN သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
၎င်းရဲ့အဆိုအရ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ နိုင်ငံအရှေ့ပိုင်းရှိ အပန်းဖြေမြို့ဖြစ်တဲ့ ဝန်ဆန်မြို့မှာ ဧပြီ ၁၃ ရက်နေ့ကတည်းက ရောက်ရှိနေထိုင်လျက်ရှိကြောင်း သိရပါတယ်။ "သံသယဖြစ်ရာ လှုပ်ရှားမှုတွေ မတွေ့ရပါဘူး" လို့ တောင်ကိုရီးယားသမ္မတရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်က ဆိုပါတယ်။
(တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် Moon Chung-in) (Photo: Wikipedia)
အမေရိကန်အခြေစိုက် မြောက်ကိုရီးယားစောင့်ကြည့်အဖွဲ့ 38North ကလည်း ဂြိုဟ်တုဓာတ်ပုံတွေကို သုံးသပ်မှုအရ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဝန်ဆန်မြို့ရှိ ကင်မ်မိသားစုအတွက် သီးသန့်ဘူတာရုံမှာ ကင်မ်ဂျုံအန်ရဲ့ အထူးရထား ရပ်နားထားမှုကို တွေ့ခဲ့ရတယ်လို့ ပြောထားပါတယ်။
(ကင်မ်ဂျုံအန်ကို မတွေ့ခဲ့ရသည့် အခမ်းအနားတစ်ခု) (Photo: KCNA)
အရေးပါတဲ့ အခမ်းအနားတွေမှာ မတွေ့ရတော့ဘဲ အများမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တဲ့ ကင်မ်ဂျုံအန်နဲ့ ပတ်သက်ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း၊ ကွယ်လွန်သွားပြီ သို့မဟုတ် ဦးနှောက်သေသွားပြီကဲ့သို့ အတည်မပြုနိုင်တဲ့ သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေခဲ့ပါတယ်။
"ကျွန်တော်တို့ ဘာကိုမျှ အတည်မပြုပါဘူး၊ မြောက်ကိုရီးယားနိုင်ငံထဲမှာ ယခုအထိ ထူးခြားတဲ့ လှုပ်ရှားမှုမျိုး မတွေ့ရပါဘူး" လို့ တောင်ကိုရီးယားသမ္မတရုံးက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မြောက်ကိုရီးယားမှ ဘက်ပြောင်းခိုလှုံသူတွေရဲ့ Daily NK သတင်းဝက်ဘ်ဆိုက်ကတော့ ကင်မ်ဂျုံအန်ဟာ မကြာသေးမီက နှလုံးခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် နာလန်ထူတဲ့ အခြေအနေဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
(ကင်မ်ဂျုံအန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း) (Photo: AFP)
အသက် ၃၀ ကျော်အရွယ် (၃၆ နှစ်ဟု ယူဆရ) ကင်မ်ဂျုံအန်ဟာ ဆေးလိပ်အလွန်သောက်ခြင်း၊ အဝလွန်ခြင်းနဲ့ မောပန်းနွမ်းနယ်ခြင်းတို့ကြောင့် အရေးတကြီး ခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့ အမည်မဖော်ပြတဲ့ မြောက်ကိုရီးယားနိုင်ငံအတွင်းမှ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး Daily NK ပြောခဲ့ပါတယ်။
ထို့နောက်ပိုင်းမှာတော့ ကင်မ်ဂျုံအန်ဟာ နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နေမကောင်းဖြစ်နေကြောင်း CNN သတင်းဌာနက အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဖော်ပြလာခဲ့ပါတယ်။ အမေရိကန်ထောက်လှမ်းရေးနဲ့ နီးစပ်မှုရှိတဲ့ ဒုတိယ သတင်းရင်းမြစ်ကလည်း အမေရိကန်အစိုးရက ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးအခြေအနေ သတင်းတွေကို အနီးကပ် စောင့်ကြည်နေကြောင်း CNN ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
(မြောက်ကိုရီးယား လေတပ်စခန်းတစ်ခုမှာတွေ့ရသည့် ကင်မ်ဂျုံအန်) (Photo: Reuters)
နောက်ထပ် အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကလည်း ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုများရှိနေတာ မှန်ကန်ကြောင်း သို့သော် အခြေအနေ မည်မျှပြင်းထန်ကြောင်းကိုမူ သိရှိနိုင်ရန်ခက်ခဲကြောင်း CNN ကို ဧပြီ ၂၀ ရက်နေ့မှာ ပြောခဲ့ကြောင်း သိရပါတယ်။
ယနေ့ (ဧပြီ ၂၇ ရက်) မှာတော့ မြောက်ကိုရီးယားအစိုးရသတင်းစာ Rodong Sinmun က ကင်မ်ဂျုံအန်ဟာ Wonson Kalma ကမ်းရိုးတန်းဒေသ ခရီးသွားလုပ်ငန်းစီမံကိန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားများထံသို့ ကျေးဇူးတင်ကြောင်း စာတစ်စောင်ပေးပို့ခဲ့တယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။ ထိုသတင်းဟာ ကင်မ်ဂျုံအန်နဲ့ ပတ်သက်ပြီး လတ်တလော ရက်ပိုင်းအတွင်း ဆက်တိုက်ထွက်ပေါ်နေတဲ့ သတင်းတွေအနက် နောက်ဆုံးသတင်းလည်း ဖြစ်ပါတယ်။
(Photo: AFP)
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ ၂၀၁၄ ခုနှစ်ကလည်း လူအများမြင်ကွင်းမှ သီတင်းခြောက်ပတ်နီးပါးကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် တုတ်ကောက်တစ်ချောင်းနဲ့အတူ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ထို့နောက် ရက်ပိုင်းအကြာမှာတော့ ကင်မ်ဂျုံအန် လူအများမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ခြင်းဟာ ၎င်းရဲ့ ခြေကျင်းဝတ်မှ အကျိတ်တစ်ခုကို ခွဲစိတ်ဖယ်ရှားခဲ့တာကြောင့်ဖြစ်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးက ပြောခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။