ဓာတ်မြေဩဇာစက်ရုံဖွင့်ပွဲသို့ ကင်မ်ဂျုံအန် တက်ရောက်ခဲ့ကြောင်း အစိုးရသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လူအများမြင်ကွင်းမှ‌ ရက်အတန်ကြာပျောက်နေခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ပြန်လည်ထွက်ပေါ်လာကြောင်း နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။

နိုင်ငံတောင်ပိုင်းဒေသရှိ ဓာတ်မြေဩဇာစက်ရုံဖွင့်ပွဲသို့ ကင်မ်ဂျုံအန် တက်ရောက်ခဲ့ကြောင်း သတင်းကို မြောက်ကိုရီးယား အစိုးရသတင်းဌာန Korean Central News Agency (KCNA) က ယနေ့ (မေ ၂ ရက်) ဖော်ပြခဲ့ပါတယ်။ ကင်မ်ဂျုံအန်ကို ရက် ၂၀ အတွင်း ပထမဆုံးအကြိမ် လူအများမြင်ကွင်းမှာ ပြန်လည် တွေ့မြင်လာရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။



မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ သောကြာနေ့ (မေ ၁ ရက်) မှာ ကျင်းပပြုလုပ်တဲ့ ဓာတ်မြေဩဇာစက်ရုံ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း KCNA သတင်းက ပြောပါတယ်။ ဓာတ်မြေဩဇာစက်ရုံဖွင့်ပွဲမှာ ကင်မ်ဂျုံအန်ကို မြင်တွေ့ရချိန်မှာ တက်ရောက်လာသူအားလုံးက ဝမ်းမြောက်ဝမ်းသာ အော်ဟစ်အားပေးခဲ့ကြကြောင်းလည်း KCNA က ဆိုပါတယ်။

အသက် ၃၆ နှစ်အရွယ် ကင်မ်ဂျုံအန်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် Moon Chung-in ကလည်း မြောက်ကိုရီးယားခေါင်းဆောင်ဟာ သက်ရှိထင်ရှားရှိနေပြီး ကျန်းမာကြောင်း ဧပြီ ၂၆ ရက်နေ့က CNN သတင်းဌာနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ကင်မ်ဂျုံအန်ကို ဧပြီ ၁၅ ရက်နေ့က ၎င်းရဲ့အဘိုးဖြစ်သူနဲ့ မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ကင်မ်အီလ်ဆွန်းရဲ့ မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားမှာ မမြင်တွေ့ခဲ့ရပြီးနောက် ကျန်းမာရေးကိစ္စအပေါ် ခန့်မှန်းမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ကင်မ်ဂျုံအန်ကို အများမြင်ကွင်းမှာ နောက်ဆုံးအကြိမ် မြင်တွေ့ရမှုဟာ ဧပြီ ၁၁ ရက်နေ့က မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ (Workers' Party) မူဝါဒရေးရာကော်မတီ အစည်းအဝေးတစ်ရပ်ကို တက်ရောက်ခဲ့စဥ်က ဖြစ်ပါတယ်။ ထိုအစည်းအဝေးသတင်းကို မြောက်ကိုရီးယား အစိုးရသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အရေးပါတဲ့ အခမ်းအနားတွေမှာ မတွေ့ရတော့ဘဲ အများမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တဲ့ ကင်မ်ဂျုံအန်နဲ့ ပတ်သက်ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း၊ ကွယ်လွန်သွားပြီ သို့မဟုတ် ဦးနှောက်သေသွားပြီကဲ့သို့ အတည်မပြုနိုင်တဲ့ သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ ၂၀၁၄ ခုနှစ်ကလည်း လူအများမြင်ကွင်းမှ သီတင်းခြောက်ပတ်နီးပါးကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် တုတ်ကောက်တစ်ချောင်းနဲ့အတူ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ထို့နောက် ရက်ပိုင်းအကြာမှာတော့ ကင်မ်ဂျုံအန် လူအများမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ခြင်းဟာ ၎င်းရဲ့ ခြေကျင်းဝတ်မှ အကျိတ်တစ်ခုကို ခွဲစိတ်ဖယ်ရှားခဲ့တာကြောင့်ဖြစ်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးက ပြောခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

Source and Photo: KCNA, Reuters

Share

Loading Next Article...
က္က