အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို မတားဆီးနိုင်ပါက စိုးရိမ်ဖွယ်ရာ အကျိုးဆက်များဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပါတီထိပ်တန်းခေါင်းဆောင်များအား သတိပေးခဲ့တယ်လို့ အစိုးရသတင်းဌာနက ယနေ့ (ဖေဖေါ်ဝါရီ ၂၉ ရက်) ဖော်ပြပါတယ်။
ဘယ်အထူးကိစ္စတွေကိုမှ ခွင့်မပြုရဘူး၊ ကူးစက်မြန်ရောဂါ နိုင်ငံထဲရောက်လာနိုင်ဖွယ်ရှိတဲ့ လမ်းကြောင်းနဲ့ နေရာအားလုံးကို ပိတ်ထားပါ
(မြောက်ကိုရီးယားပြည်သူများ) (Photo: Kim Won Jin/AFP)
ဆင်းရဲပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့ မြောက်ကိုရီးယားက COVID-19 ရောဂါ ၎င်းတို့ဆီသို့ ကူးစက်ပျံ့နှံမှု တားဆီးရန်အတွက် နယ်စပ်ကိုပိတ်ထားပါတယ်။ မြောက်ကိုရီးယား အစိုးရသတင်းဌာန Korean Central News Agency (KCNA) မှာ ဖော်ပြမှုအရ ဗိုင်းရပ်စ်တိုက်ဖျက်ရေးဟာ ပြည်သူတွေကိုကာကွယ်ရန်အတွက် အရေးပါတဲ့ နိုင်ငံ့အရေးကိစ္စဖြစ်ကြောင်း ကင်မ်ဂျုံအန်က အာဏာရ ကိုရီးယားအလုပ်သမားပါတီ (Workers' Party of Korea) အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။
ကျွန်တော်တို့နိုင်ငံကိုရောက်လာခဲ့ရင် စိုးရိမ်စရာကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်
"ကူးစက်မြန်ရောဂါကို မထိန်းချုပ်နိုင်တော့ဘဲ ကျွန်တော်တို့နိုင်ငံကိုရောက်လာခဲ့ရင် စိုးရိမ်စရာကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်" လို့ ကင်မ်ဂျုံအန်က သတိပေးကြောင်း KCNA က ကိုးကားဖော်ပြပါတယ်။ ထိုအတောအတွင်း ဗိုင်းရပ်စ်ကူးစက်မှုတားဆီးရေး အစီအစဥ်တွေနဲ့ ပတ်သက်ပြီး ထိပ်တန်းအဆင့် တာဝန်ရှိသူနှစ်ဦးဖြစ်တဲ့ Ri Man Gon နဲ့ Pak Thae Dok တို့ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်းလည်း သိရပါတယ်။ ၎င်းတို့နှစ်ဦးဟာ အလုပ်သမားပါတီ ဒုတိယဥက္ကဌတွေလည်း ဖြစ်ပါတယ်။
(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်) (Photo: KCNA/AP)
"ဘယ်အထူးကိစ္စတွေကိုမှ ခွင့်မပြုရဘူး၊ ကူးစက်မြန်ရောဂါ နိုင်ငံထဲရောက်လာနိုင်ဖွယ်ရှိတဲ့ လမ်းကြောင်းနဲ့ နေရာအားလုံးကို ပိတ်ထားပါ" လို့ ကင်မ်ဂျုံအန်က အစိုးရအရာရှိတွေကို အမိန့်ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားက ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးရန်အတွက် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုကို ပိတ်ပင်ထားပါတယ်။
ထို့အတူ နိုင်ငံတကာ လေကြောင်းခရီးစဥ်နဲ့ ရထားခရီးစဥ်တွေကို ရပ်ဆိုင်းထားပြီး ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေကို သီးသန့်ခွဲထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စာသင်နှစ်သစ် စတင်မယ့်အချိန်ကိုလည်း ရွှေ့ဆိုင်းထားကြောင်း သိရပါတယ်။ မြောက်ကိုရီးယားမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ကြရန်၊ သံတမန်များ ၎င်းတို့ အဆောက်အအုံဝင်းတွေထဲမှာသာ နေထိုင်ကြရန် အသံချဲ့စက်များဖြင့် ထုတ်လွှင့်ပြောကြားပြီး နိုင်ငံပိုင်သတင်းဌာနကလည်း ညွှန်ကြားချက်တွေကို အပြည့်အဝ လိုက်နာကြရန် ပြောခဲ့ပါတယ်။
ဖေဖေါ်ဝါရီ ၂၉ ရက်အထိ မြောက်ကိုရီးယားက နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိရကြောင်း ထုတ်ပြန်မှုမရှိသေးပါဘူး
(ပြုံယမ်းမြို့မှာတွေ့ရသည့် ရထားစီးခရီးသည်များ) (Photo: AFP)
မြောက်ကိုရီးယားမှာ COVID-19 ရောဂါဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ဆောင်မှုတွေဟာ မကြုံစဖူးဖြစ်တယ်လို့ သံတမန်တွေက ဆိုပါတယ်။ ယနေ့ (ဖေဖေါ်ဝါရီ ၂၉ ရက်) မွန်းလွဲပိုင်းအထိ မြောက်ကိုရီးယားက နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိရကြောင်း ထုတ်ပြန်မှုမရှိသေးပါဘူး။ ယနေ့ မွန်းလွဲပိုင်းအထိ တရားဝင် စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ ၂,၈၃၅ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၂,၉၁၉ ဦးအထိ ဆက်လက်မြင့်တက်လာပါတယ်။
ကူးစက်ခံရသူ အရေအတွက်ကတော့ တရုတ်ပြည်မကြီးမှာ ၇၉,၂၅၁ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၈၄,၈၅၄ ဦးရှိလာပြီး ပြန်လည်သက်သာလာသူ ၃၉,၅၂၄ ရှိခဲ့ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) မှာ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။