တစ်ပတ်ကြသည်အထိ အဆက်အသွယ်မရသေးပါဘူး။

ဒီဇင်ဘာလ(၅)ရက်နေ့ညပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဒေါက်တာအေးဇော်ထွန်းနဲ့ သူရဲသား (၃)နှစ်အရွယ်သားငယ်တို့ပျောက်ဆုံးနေမှုမှာ တစ်ပတ်ကြာတဲ့ အထိ မိသားစုဝင်တွေနဲ့ လုံးဝအဆက်အသွယ်မရသေးကြောင်းသိရပါတယ်။

ဒေါက်တာအေးဇော်ထွန်းတို့ သားအဖပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့သတင်းတွေနဲ့ ပတ်သက်လို့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေက ဒီကနေ့ မော်လမြိုင်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

" အခုထိကို ကျွန်တော်တို့နဲ့ကော မိသားစုဝင်တွေနဲ့ကောလုံးဝအဆက်အသွယ်မရသေးတာပါ။ အခု သတင်းစာရှင်းလင်းပွဲလုပ်တာကလည်း လူမှုကွန်ရက်တွေမှာ သူတို့သားအဖနှစ်ဦးပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ ရေးသားနေတဲ့ သတင်းတွေက လုံးဝမဟုတ်ကြောင်းပြောချင်လို့ သတင်းစာရှင်းလင်းပွဲလုပ်တာ။ သတင်းတွေက ဒေါက်တာအေးဇော်ထွန်းက အလောင်းကစားသမား၊ အကြွေးတွေရှိတယ်၊ တမင်ထွက်သွားတာဆိုပြီး ရေးသားပျံ့နှံ့နေတာတွေရှိတယ်။ ဒါတွေကလုံးဝမဟုတ်ဘူးဆိုတဲ့အကြောင်းကို ရှင်းလင်းတာပါ" လို့ ပျောက်ဆုံးနေတဲ့ ဒေါက်တာအေးဇော်ထွန်းရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ ဒေါက်တာမိုးသန်းထိုက်အောင်က Duwun ကိုပြောပါတယ်။

ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာဆိုရင် ဒေါက်တာအေးဇော်ထွန်းဟာ လူမှုရေး၊စီးပွားရေးပြဿနာ လုံးဝမရှိကြောင်းနဲ့ လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ လုံးဝအဆက်အသွယ်မရသေးတဲ့အကြောင်းကို ပြည်သူလူထုတွေသိအောင် မိသားစုဝင်တွေက ထုတ်ဖော်ပြောကြားခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါက်တာအေးဇော်ထွန်းတို့ သားအဖကို သိန်း(၂၀)နဲ့ ကားထားခဲ့ရင် ပြန်လွှတ်ပေးမယ်ဆိုပြီး ဖုန်းဆက်တာတွေရှိတယ်လို့ သတင်းတွေပျံ့နှံ့ခဲ့ပါသေးတယ်။ ဒီသတင်းကိုတော့ မိသားစုဝင်တွေဘက်ကပြောခဲ့တာမဟုတ်ဘူးလို့ ဒေါက်တာမိုးသန်းထိုက်အောင်က ပြောပါတယ်။

ဒေါက်တာ အေးဇော်ထွန်းဟာ ဒီဇင်ဘာလ(၅)ရက်နေ့ညပိုင်းက သူထိုင်တဲ့ ဆေးခန်းပိတ်ချိန်အပြန်မှာ သူ့ရဲ့ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ တွေ့ဖို့ ချိန်းဆိုထားလို့ နေအိမ်ကနေ သူ့ရဲ့သားကိုခေါ်ပြီး သူငယ်ချင်းတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီနေ့ညကအပြန်မှာ မိသားစုနဲ့ အဆက်အသွယ်ပြတ်ကာ ကားရော၊ လူရောပျောက်ဆုံးနေတာဖြစ်ပါတယ်။ သူတို့သားအဖနှစ်ဦးပျောက်ဆုံးမှုနဲ့ပတ်သက်လို့ လက်ရှိမှာ မိသားစုနဲ့ လုံးဝအဆက်အသွယ်မရသေးသလို၊ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သတင်းအမှားတွေကို မယုံကြည်ကြဖို့အတွက်လည်း မိသားစုဝင်တွေက သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က