တစ်နေ့လျှင် မြန်မာကျပ်ငွေ ၄၀၀ ကျော်မျှ အသုံးစရိတ်ဖြင့် နှစ်အတန်ကြာ စားသောက်နေထိုင်ခဲ့ပါတယ်။

မောင်ဖြစ်သူရဲ့ ကျန်းမာရေးအသုံးစရိတ်အတွက် နှစ်နဲ့ချီပြီး ခြိုးခြံချွေတာ စားသောက်နေထိုင်ခဲ့ရာမှ အလွန်အမင်း အာဟာရချို့တဲ့မှုဖြစ်ခဲ့တဲ့ တရုတ်ကျောင်းသူ ကွယ်လွန်သွားပြီလို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

(Photo: SCMP/Weibo)

ဝူဟွာယန်း (Wu Huayan) အမည်ရှိ တရုတ်ကျောင်းသူက မောင်လေးအတွက် ခြိုးခြံချွေတာပြီး တစ်နေ့လျှင် ၂ ယွမ် (မြန်မာကျပ်ငွေ ၄၀၀ ကျော်) မျှ အသုံးစရိတ်ဖြင့် နှစ်အတန်ကြာ စားသောက်နေထိုင်ခဲ့ရာမှ အလွန်အမင်း အာဟာရချို့တဲ့မှုဖြစ်ကာ ကိုယ်အလေးချိန် ၄၃ ပေါင်မျှသာရှိတဲ့ သူမရဲ့ ဓာတ်ပုံတွေ ယမန်နှစ်အတွင်း ထွက်ပေါ်လာခဲ့ပါတယ်။ သူမရဲ့အဖြစ်က တရုတ်ပြည်သူတွေကြား ထိတ်လန့်တုန်လှုပ်စရာလည်း ဖြစ်ခဲ့ပါတယ်။



ထို့နောက် ဝူဟွာယန်းဟာ အသက်ရှူရခက်ခဲလာတဲ့ ကျန်းမာရေးပြဿနာကြောင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ဆေးရုံတက်ခဲ့ရပါတယ်။ သူမရဲ့အဖြစ်ကို သိရှိသွားကြပြီးနောက် ဆေးကုသရန် ဝိုင်းဝန်းလှူဒါန်းခဲ့ကြပါတယ်။ သို့သော် ဝူဟွာယန်းဟာ တနင်္လာနေ့ (ဇန်နဝါရီ ၁၃ ရက်) မှာ ကွယ်လွန်သွားခဲ့ကြောင်း သူမရဲ့မောင်ဖြစ်သူက သတင်းထောက်တွေကို ပြောပါတယ်။

(Photo: Tongren Municipal Government)

ဝူဟွာယန်းဟာ သူမရဲ့ဖခင်နဲ့ အဘွားတို့ ဆေးကုစရိတ်ပေးစရာ ငွေမရှိတာကြောင့် ကွယ်လွန်ခဲ့ကြရတာကို မျက်မြင်ကိုယ်တွေ့သိခဲ့ရပြီးနောက် အကူအညီရနိုင်ရန် မီဒီယာတွေထံ သူမရဲ့အဖြစ်ကို ဖွင့်ဟခဲ့တယ်လို့ Chongqing Morning Post သတင်းဌာနကို ပြောခဲ့ပါတယ်။ "ကျွန်မ ဆင်းရဲနွမ်းပါးလို့ သေမှာကိုစောင့်နေရတာမျိုး မကြုံချင်ပါဘူး" လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

ဝူဟွာယန်းဟာ ကွယ်လွန်ချိန်မှာ အသက် ၂၄ နှစ်အရွယ်သာရှိသေးကြောင်း သူမရဲ့မောင်က ပြောပါတယ်။ တတိယနှစ် တက္ကသိုလ်ကျောင်းသူ ဝူဟွာယန်းဟာ ခြိုးခြံချွေတာပြီး အစားအစာ အနည်းငယ်မျှကိုသာ ငါးနှစ်ကြာ စားနေခဲ့တာကြောင့် သူမရဲ့ နှလုံးနဲ့ ကျောက်ကပ်မှာ ကျန်းမာရေးပြဿနာများရှိနေတယ်လို့ ယမန်နှစ်အတွင်း ဆရာဝန်တွေက ပြောထားခဲ့ပါတယ်။

(Photo: People's Daily China)

ဝူဟွာယန်းနဲ့ သူမရဲ့မောင်ဖြစ်သူတို့ဟာ အသက်ရှင်နေထိုင်ရေးအတွက် နှစ်အများအပြား ရုန်းကန်ခဲ့ကြရပါတယ်။ သူတို့နှစ်ဦးရဲ့ မိခင်ဖြစ်သူက ဝူဟွာယန်း လေးနှစ်သမီးအရွယ်မှာ ကွယ်လွန်သွားခဲ့ပြီး ဖခင်ဖြစ်သူကလည်း သူမ ကျောင်းတက်နေဆဲမှာပင် ကွယ်လွန်ခဲ့ပါတယ်။ ထို့နောက် သူမနဲ့မောင်လေးတို့ကို အဘွားဖြစ်သူက ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။

အဘွားမရှိတော့တဲ့ နောက်ပိုင်းမှာတော့ ဦးလေးနဲ့ အဒေါ်တို့က သူတို့နှစ်ဦးကို တစ်လလျှင် ယွမ်ငွေ ၃၀၀ (မြန်မာကျပ်ငွေ ၆၄,၀၀၀ ဝန်းကျင်) သာ ထောက်ပံ့နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဦးလေးနဲ့ အဒေါ်တို့ထံမှ ရရှိလာတဲ့ အဆိုပါငွေအများစုဟာလည်း ဝူဟွာယန်းရဲ့ မောင်ဖြစ်သူ ကျန်းမာရေးအသုံးစရိတ်အတွက် သုံးစွဲခဲ့ရတာဖြစ်ပါတယ်။ ဝူဟွာယန်းရဲ့ မောင်လေးဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ရှိနေခဲ့သူလို့ သိရပါတယ်။

(ဆင်းရဲနွမ်းပါးတဲ့မိသားစုတစ်ခုနဲ့ တရုတ်သမ္မတရှီကျင်းပင်) (Photo: Xinhua/Getty Images)

ထိုသို့ ခက်ခဲ့ကြပ်တည်းတဲ့ အခြေအနေမှာ ဝူဟွာယန်းဟာ သူမကိုယ်တိုင်အတွက် တစ်နေ့လျှင် ၂ ယွမ်မျှ အသုံးစရိတ်ဖြင့် ငရုတ်သီးနဲ့ ထမင်းကိုသာ ငါးနှစ်ကြာ စားနေခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ ဆေးရုံရောက်ချိန်မှာ အရပ်အမြင့် ၄ ပေ ၅ လက်မမျှသာ ရှိပါတယ်။ ဝူဟွာယန်းဟာ အလွန်အမင်း အာဟာရချို့တဲ့မှုကြောင့် မျက်ခုံးမွေးအားလုံးနဲ့ ဆံပင် ၅၀ ရာခိုင်နှုန်း ကျွတ်ကျသွားခဲ့ကြောင်း ဆရာဝန်တွေက ပြောခဲ့ပါတယ်။

ဝူဟွာယန်းအတွက် သူမရဲ့ ဆရာ၊ ဆရာမတွေနဲ့ အတန်းဖော်တွေက ယွမ်ငွေ ၄၀,၀၀၀ နဲ့ ဒေသခံ ရွာသူရွာသားတွေက ယွမ်ငွေ ၃၀,၀၀၀ ပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဝူဟွာယန်း မကွယ်လွန်မီမှာ သူမအတွက် အနိမ့်ဆုံး အစိုးရထောက်ပံ့ငွေ တစ်လလျှင် ယွမ် ၃၀၀ နဲ့ ၇၀၀ ကြား ရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ယခုအခါမှာ သူမအတွက် အရေးပေါ် ရန်ပုံငွေ ယွမ် ၂၀,၀၀၀ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရက နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုကို ၂၀၂၀ ခုနှစ် နှစ်ကုန်မှာ ပပျောက်စေမယ်လို့ ရည်မှန်းထားခဲ့တာ ဖြစ်ပါတယ်။ ယခုလအစောပိုင်းမှာ တရုတ်အရှေ့အလယ်ပိုင်းမှ Jiangsu ပြည်နယ်က ၎င်းတို့ရဲ့ လူဦးရေ သန်း ၈၀ ကျော်အနက် ဆင်းရနွမ်းပါးသူ ၁၇ ဦးမျှသာရှိတယ်လို့ ထုတ်ပြန်ပြောကြားလာခဲ့ပါတယ်။ ကမ်းရိုးတန်းဒေသမှာရှိတဲ့ Jiangsu ပြည်နယ်ဟာ တရုတ်နိုင်ငံမှာ ချမ်းသာကြွယ်ဝတဲ့ ပြည်နယ်တစ်ခုဖြစ်ပေမဲ့ လတ်တလော ထုတ်ပြန်လိုက်တဲ့ ဆင်းရဲနွမ်းပါးသူဦးရေ ကိန်းဂဏန်းတွေကိုတော့ အွန်လိုင်းမှာ မေးခွန်းထုတ်မှုတွေ ထွက်ပေါ်နေခဲ့ကြောင်းလည်း သိရပါတယ်။


.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က