In partnership with  logo
မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာမက မဲခေါင်တစ်ဝှမ်းက လူတွေကိုပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးချင်တယ်လို့ ဟန်နီမြဝင်း ကဆိုပါတယ်။

မြန်မာနိုင်ငံကလူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနေတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်ရှိပါတယ်။ သူကတော့ ချိတ်ဆက် ကွန်ယက်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဟန်နီမြဝင်းပါ။ ဟန်နီမြဝင်းဟာ နိုင်ငံတကာက အသိအမှတ်ပြုခံထားရတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ ဘယ်လို အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးနေတာလဲ၊ သူ့ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်တွေဟာ ဘာတွေလဲ ၊ ခုလက်ရှိမှာကော သူ ဘာတွေ လုပ်နေသလဲဆိုတာတွေကို ပြောပြပေးချင်ပါတယ်၊ မဒီတို့လည်း သူ့ရဲ့ အကြောင်းတွေကို သိရမယ်ဆိုရင် ဘဝအတွက် စိတ်ဓာတ်ခွန်အားတွေ အများကြီးရနိုင်မယ်လို့ ထင်ပါတယ်။



ချိတ်ဆက်ကွန်ယက်အစ

ချိတ်ဆက်ကွန်ယက်စတင်တည်ထောင်ဖြစ်တာကတော့ ၂၀၁၆ ခုနှစ်မှာစတင်ခဲ့တာဖြစ်ပါတယ်။ ညီမငယ် ရွှေရည်မြဝင်းနဲ့ အတူ တည်ထောင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ Freelance တွေ၊ အချိန်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးမှုဒဏ်ကို ညီအစ်မနှစ်ယောက် အရင်ခံခဲ့ရတာဖြစ်ပါတယ်။ အချိန်ပြည့်ဝန်ထမ်းမဟုတ်ဘဲ Freelance ဝန်ထမ်းအဖြစ် လုပ်ကိုင်ရာမှာ အခက်အခဲတွေ တွေ့ခဲ့ရတာဖြစ်တဲ့အတွက် ဟန်နီမြဝင်းဟာလည်း လုပ်နေတဲ့ အလုပ်ကို ထွက်ခဲ့ပြီး မြန်မာနိုင်ငံက လူအတွက် Freelance Platform တစ်ခုထူထောင်ဖို့အတွက် ညီအစ်မနှစ်ယောက် ကြိုးစားခဲ့ကြပါတယ်။

“ဒီနိုင်ငံမှာက ကျောင်းသားတွေ အချိန်ပိုင်း လုပ်ရမယ်ဆိုတာက လွန်ခဲ့တဲ့ ၃နှစ်လောက်တုန်းက ခေတ်မစားသေးဘူး။ ညီမလေးဆိုရင်လည်း Freelance အနေနဲ့ ဝက်ဆိုက်တွေ ရေးချင်တယ်၊ သူ့သူငယ်ချင်းကို ပြောရင် သူ့သူငယ်ချင်းက Project တွေ ယူလာပေးတယ်။ Network များတဲ့သူတွေက အချိတ်အဆက်တွေနဲ့ ယူလာပေးတယ်။ ယူလာပေးတဲ့သူကို လုပ်ခရဲ့ တစ်ဝက်ကို ပေးရတယ်။ အဲဒီတော့ များတယ်လို့ ထင်တယ်။ နောက်တစ်ခုက တခြားနိုင်ငံတွေမှာ gig economy ဆိုတဲ့ အိမ်ကနေ အလုပ်လုပ်တာတွေက ၊ ရုံးချိန်အတိုင်း တက်ရတာမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ကြိုက်တဲ့ နေရာမှာ အလုပ်လုပ်လို့ ရတာတွေက ခေတ်စားနေပြီ။ ဒီမှာက မရှိသေးဘူး။ အဲဒီအတွက် ဟန်နီတို့ နှစ်ယောက်အတူလုပ်ကြတယ်။ Client တွေ လာအပ်တာတွေ များလာတဲ့အခါကျတော့ ညီအစ်မနှစ်ယောက်နဲ့ မနိုင်တော့ဘူး။ တခြားလူတွေ ရှာချင်လာတယ်။ Freelancer သဘောမျိုးရှာချင်တယ်ဆိုတော့ ရှာရခက်လာတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ဒီလိုလူတွေက အလုပ်ရှင်ဘက်ကော အလုပ်လုပ်မယ့်သူတွေဘက်မှာကော ပလက်ဖောင်းတစ်ခုလိုနေပြီဆိုတော့ ငါတို့ လုပ်သင့်တယ်ဆိုပြီး လုပ်လိုက်တာပါ”

ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ

လွယ်လွယ်ကူကူ စတင်ခဲ့ကြရတာတော့ မဟုတ်ပါဘူး။ အသက်ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးနှစ်ယောက်တည်း တည်ထောင်ထားတဲ့ အရာအပေါ် အထင်သေးတာ၊ မယုံကြည်တာတွေ ရင်ဆိုင်ခဲ့ရပါသေးတယ်။ နှစ်ယောက်စလုံးက Business Background မဟုတ်ဘဲ Technology သမားေတွဖြစ်နေတာကြောင့် စီးပွားရေးပိုင်းမှာ တော်တော်အခက်တွေ့ခဲ့ကြတယ်လို့ ဟန်နီမြဝင်းက ဆိုပါတယ်။

“ညီအစ်မနှစ်ယောက် Client ကို သွားတွေ့တဲ့အခါမှာတော့ ကောင်မလေးငယ်ငယ်လေးနှစ်ယောက်ဆိုပြီး အကုန်လုံးက စစချင်းမှာ အထင်သေးကြတယ်။ ဟန်နီတို့ကို ဘားမှာချိန်းပြီး တွေ့တယ်၊ ပြီးတော့ ညတွင်းချင်း ဒါတွေလုပ်နိုင်မယ်ဆိုရင် မနက်ဖြန်မနက် စာချုပ်ချုပ်မယ်ဆိုပြီး ပြောတာမျိုးတွေ၊ ကောင်း‌ကောင်းမွန်မွန် ပြောတာမျိုးမဟုတ်ဘဲ နှိမ်ချပြီး ပြောတာမျိုးတွေရှိခဲ့တယ်။ ဒါမျိုးတွေ ကြုံခဲ့ရတယ်။ အဲဒီလို လုပ်နေရင်း ၆ လလောက်မှာ ဘာမှလည်း လက်ဆုပ်လက်ကိုင် မပြနိုင်သေးတဲ့ အခြေအနေမျိုးမှာ ခန့်ထားတဲ့ ဝန်ထမ်းတွေ မရှိတော့ဘဲ နှစ်ယောက်တည်း ကျန်ခဲ့တယ်။ အဲဒီအချိန်မှာ ငါတို့လုပ်နေတာ ဟုတ်ရောဟုတ်ရဲ့လား ၊ ဘယ်သူမှ မယုံကြဘူးဆိုတာမျိုးခံစားခဲ့ရတယ်။”

အခက်အခဲတွေကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့သူ

အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့တာတောင်မှ အရှုံးမပေးဘဲ ကိုယ့်လုပ်နိုင်စွမ်းကို ယုံကြည်ခဲ့သူပါ။ ဘယ်လို ရှုံးနိမ့်မှုတွေ ကြုံလာပါစေ၊ တစ်နေ့ အောင်မြင်ရမယ်ဆိုတဲ့ ခံယူချက်လည်း ပြင်းပြလွန်းသူတစ်ယောက်ဖြစ်ပါတယ်။ အလုပ်သမားတွေ အားလုံးထွက်သွားချိန်မှာတောင် ကိုယ့်ရဲ့ ယုံကြည်ရာကို အရှုံးမပေးခဲ့ဘဲ ရှေ့ဆက်ကြိုးစားခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့က အဓိကပဲလို့ ဟန်နီထင်တယ်။ ကိုယ်ကသာ ကိုယ့်ကိုယ်ကိုယ် မယုံရင် သူများက ဘယ်လိုယုံမလဲ။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ယုံဖို့လိုတယ်။ အရင်ကဆို အိုင်ဒီယာတွေရှိတယ်။ ဒါပေမယ့် သူများကို ပြောဖို့ မရဲဘူး။ ဒါကြီးက ဖြစ်ပါ့မလား၊ ဘာမှမဟုတ်တဲ့ အရာပါဆိုပြီး သူများတွေက ဝိုင်းဝေဖန်ကြမလားဆိုပြီး စိုးရိမ်နေတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေး ယုံကြည်လိုက်ပြီးတော့ ကိုယ့်အိုင်ဒီယာကို လူတွေကို ထုတ်ပြောတယ်။ ကိုယ်တွေ စဥ်းစားထားတဲ့ အရာကို သူများတွေကိုပါ ထုတ်ပြောပြီး ဝိုင်းစဥ်းစားခိုင်းတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ယုံဖို့ လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှ သူများတွေကလည်း ကိုယ့်အိုင်ဒီယာကို ယုံကြည်မှာ။” 

မြန်မာအမျိုးသမီးတွေရဲ့ အားနည်းချက်

မြန်မာအမျိုးသမီးတွေရဲ့ အားနည်းချက်ကတော့ တစ်ခုခုကို ထုတ်ပြောဖို့ရာ ရှက်ရွံ့တတ်ကြတာမျိုးဖြစ်ပါတယ်။ ဟန်နီမြဝင်းကိုယ်တိုင်လည်း အစပိုင်းမှာ ကိုယ့်ရဲ့ အိုင်ဒီယာတွေ ၊ ကိုယ့်ရဲ့ အမြင်တွေကို ထုတ်ဖော်ပြောဖို့ မဝံ့ရဲတာ၊ လူတွေရဲ့ ပြစ်တင်ဝေဖန်မှာကို စိုးရွံ့တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒီအားနည်းချက်တွေကို ပြုပြင်ပြောင်းလဲပစ်ပြီး ကိုယ့်ရဲ့ အရည်အချင်းတွေကို အားလုံးသိအောင် ပြောပြရမယ့်အချိန်ကို ရောက်လာပါပြီ။ ဟန်နီမြဝင်းကိုယ်တိုင်ကလည်း သူ့ရဲ့ အကျင့်ကို ပြုပြင်ပြောင်းလဲခဲ့ပြီး ကိုယ့်ရဲ့ အိုင်ဒီယာကို ကမ္ဘာကသိအောင် ထုတ်ဖော်ပြသလာနိုင်ခဲ့တဲ့ စွန့်ဦးတီထွင်အမျိုးသမီးလုပ်ငန်းရှင် တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

အောင်မြင်လာပြီဖြစ်တဲ့ ဟန်နီမြဝင်းရဲ့ ချိတ်ဆက်

တစ်နှစ်တောင် မခံလောက်ပါဘူးလို့ လူတွေ တွေးမြင်ခဲ့ကြတဲ့ ဟန်နီမြဝင်းရဲ့ ချိတ်ဆက် ကွန်ယက်ဟာ ခုချိန်မှာတော့ မြန်မာနိုင်ငံက လူတွေ တော်တော်များများရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ချိတ်ဆက်မှာ အချိန်ပိုင်းလုပ်နေတဲ့ Designer တွေ၊ Web Developer သမားတွေ ၊ Content Writer သမားတွေ၊ စာရေးတဲ့သူတွေ ၊ ဘာသာပြန်တဲ့သူတွေ၊ Promoter တွေ ရှိပါတယ်။ နောက်ပိုင်းမှာ ဓာတ်ပုံရိုက်တဲ့သူတွေ၊ Animator တွေ ၊ Video Content ဖန်တီးသူတွေ၊ Accountant တွေ၊ လက်ကမ်းစာစောင်ဝေတာတွေ၊ Event တွေအတွက် Operation ပိုင်းသမားတွေ အများကြီးရှိပါတယ်။ အွန်လိုင်းပေါ်ကနေ အလုပ်လျှောက်ရုံနဲ့ ကိုယ်နဲ့ သက်ဆိုင်ရာ နယ်ပယ်တွေမှာ Professional တစ်ယောက်အဖြစ် လုပ်ကိုင်နိုင်အောင် ဟန်နီမြဝင်းက ဖန်တီးပေးထားပါတယ်။

နိုင်ငံတကာက အသိအမှတ်ပြုခံထားရသူ



ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ အသက် ၃၀ အောက် စွန့်ဦးတီထွင်ပညာရှင်လူငယ်များ စာရင်းထဲမှာ ထည့်သွင်းဖော်ပြထားတဲ့ မြန်မာမိန်းကလေးတယောက်ဖြစ်ပြီး နိုင်ငံတကာက အသိအမှတ်ပြုခံထားရတဲ့ အမျိုးသမီးပါ ။ ၂၀၁၉ ခုနှစ်တွင်း ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုထိပ်သီး ဆွေးနွေးပွဲမှာ ASEAN Business Awards တစ်ခုဖြစ်တဲ့ Digitized MS ME (နည်းပညာသုံး အသေးစားလုပ်ငန်း) ဆုအမျိုးအစားအတွက် မြန်မာနိုင်ငံ Country Winner အဖြစ် ချိတ်ဆက်ကနေ ရွေးချယ်ခံခဲ့တာပဲ ဖြစ်ပါတယ်။

လုပ်ငန်းရှင် နဲ့ အလုပ်သမားတွေအတွက် ပေါင်းကူးတံတား

ချိတ်ဆက်ကတော့ လုပ်ငန်း စတင်လုပ်ကိုင်မယ့်သူတွေအတွက် အလုပ်သမားရှာဖွေဖို့ ခက်ခဲနေသူတွေအတွက် ၊ အချိန်ပိုင်းအလုပ်လုပ်လိုသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနိုင်အောင် နှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်အောင် ဆောင်ရွက်ပေးနိုင်တဲ့ ပေါင်းကူးတံတားလေး ဖြစ်လို့နေပါပြီ။ တည်ထောင်သူ ဟန်နီမြဝင်းကတော့ မြန်မာနိုင်ငံမှာသာမက မဲခေါင်တစ်ဝှမ်း လူတိုင်းလိုလို အိမ်ကနေ အလုပ်လုပ်လို့ ရနိုင်သည်အထိ ဆောင်ရွက်ပေးချင်တယ်လို့ သူ့ရဲ့ ရည်မှန်းချက်ကို ပြောလာပါတယ်။ အလုပ်လောဘကြီးလွန်းတဲ့ သူ့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။

“ငါမှမလုပ်ရင် ဘယ်သူလုပ်မလဲဆိုတာ အမြဲတွေးမိတယ်။ အခုမှမလုပ်ရင် ဘယ်သူလုပ်မလဲ၊ ငါမှမဟုတ်ရင် တခြားလူကဘယ်သူကမှ အစိုးမရဘူးဆိုတာမျိုး တွေးမိသွားရင် အလုပ်ထလုပ်ဖြစ်တာ များတယ်။ ဟန်နီကတော့ လုပ်သင့်တဲ့ အရာကို လုပ်သင့်တဲ့ အချိန်မှာ လုပ်သွားမှာပဲ။ ဟန်နီက ဖြစ်ချင်တာတွေ အများကြီးပဲဆိုတော့ ဘယ်တော့မှ အားရတယ်ဆိုတာ မရှိသေးဘူး။ ဟန်နီပြင်ရမှာတွေ၊ လုပ်ရမှာတွေ အများကြီးရှိသေးတယ်။ ချိတ်ဆက်အနေနဲ့ဆိုရင်လည်း ဒီနိုင်ငံမှာတင်မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ Culture ချင်းနီးစပ်တဲ့ မဲခေါင်ဒေသမှာပါ ထိုးဖောက်ချင်တယ်။ ဒီ Market က အရမ်းကြီးတာကို လက်ခံထားတာဖြစ်တဲ့အတွက် ဟန်နီ စိတ်ကူးတာကတော့ လူတိုင်းလူတိုင်းက မနက်မိုးလင်းတာနဲ့ ရုံးသွားတာမျိုးမဟုတ်ဘဲ ကိုယ့်အိမ်မှာကိုယ် အလုပ်လုပ်နေတယ်ဆိုတဲ့ ခေတ်ကို ရောက်စေချင်တယ်။ အဲဒါကိုလည်း မြန်မာက လူတွေတင်မကဘဲ Asia က မဲခေါင်ကလူတွေကိုပါ ပါစေချင်တယ်။ ကိုယ်ကိုယ်တိုင်အတွက်ဆိုရင်တော့ gig economy ကို Support လုပ်ပေးတဲ့သူတစ်ယောက်ဖြစ်ချင်တယ်။"

အမျိုးသမီးဆိုပေမယ့် အားမနွဲ့ဘဲ လူတိုင်းအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးချင်တဲ့ သူ့ရဲ့ စေတနာတွေ၊ အလုပ်လောဘတွေကို ခုချိန်မှာ မြန်မာနိုင်ငံက လူတွေ ခံစားနေကြရပြီဖြစ်ပါတယ်။ သူဖန်တီးတည်ထောင်ထားတဲ့ ချိတ်ဆက်ကနေ လူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာခဲ့ကြပါပြီ။ ဒီလို ကိုယ့်ကိုယ်ကိုယ် အောင်မြင်အောင် တည်ဆောက်နေတဲ့ ဟန်နီမြဝင်းက မိန်းကလေးငယ်တွေအတွက်လည်း စကားလက်ဆောင်ပါးလိုက်ပါသေးတယ်။

"အမျိုးသမီးတွေကိုလည်း ကိုယ့်ရဲ့ အားလပ်ချိန်မှာ ကိုယ့်ရဲ့ Personal Development အတွက် စဥ်းစားကြစေချင်တယ္။ အလှအပနဲ့ တခြားအရာတွေ ပြောနေမယ့်အစား (ပြောတော့ပြောပေါ့လေ) အလုပ်အကြောင်းပြောစေချင်တယ်။ တစ်နေ့ကိုနာရီဝက် ဒါမှမဟုတ် တစ်နာရီလောက်တော့ ကိုယ့်ရဲ့ Personal Development နဲ့ Career Development အတွက် စဥ်းစားစေချင်တယ်။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးစေချင်တယ်။ ကိုယ်လုပ်ချင်တာ ဘာလဲ၊ ကိုယ်လုပ်ချင်တာကို Support ပေးမယ့်သူက ဘယ်သူလဲဆိုတာ ရှာဖို့ တိုက်တွန်းချင်တယ်။"

ဟန်နီမြဝင်းကတော့ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ စွမ်းဆောင်ရည်တွေကို ကမ္ဘာက သိအောင် ပြသနိုင်ခဲ့တဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ကို စံနမူနာယူပြီး မဒီတို့အနေနဲ့လည်း ကိုယ့်ဘဝကိုယ် ကိုယ့်အချိန်ကို ဘယ်လိုတန်ဖိုးရှိရှိ အသုံးချကြမလဲဆိုတာကို တစ်နေ့ တစ်နာရီလောက် စဥ်းစားကြမယ်ဆိုရင် ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေ ဆထက်ထမ်းပိုး များပြားလာကြမှာ အသေအချာပါပဲ။



Share

Loading Next Article...
က္က