အင်တာမိုင်ယာမီ ကြယ်ပွင့် မက်ဆီဟာ နယူးယော့ခ်ရက်ဘူးလ်ကို အနိုင်ရရှိခဲ့တဲ့ မေဂျာလိဂ် ပွဲစဉ်မှာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အင်တာမိုင်ယာမီက နယူးယော့ခ်ရက်ဘူးလ်ကို အဝေးကွင်းမှာ နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။
ဒီပွဲမှာ မက်ဆီ၊ ဘူးစကွက်စ်တို့ အရန်ခုံမှာသာရှိနေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ လူစားဝင်ကစားခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ မက်ဆီက အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပြီး မေဂျာလိဂ်ပထမဆုံးပွဲမှာ ဂိုးပေါက်ရှာတွေ့နိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ပွဲအပြီးမှာ မက်ဆီက မီဒီယာတွေနဲ့ တွေ့ဆုံဖို့ကို ငြင်းဆန်သွားခဲ့ပြီး ဒါက စည်းကမ်းကို ချိုးဖောက်တာဖြစ်တယ်လို့ သိရှိရပါတယ်။ အမေရိကန်နိုင်ငံမှာ ကစားသမားတွေက ပွဲအပြီး အင်တာဗျူးတွေကို မဖြစ်မနေ ဖြေဆိုပေးရပြီး တစ်ခါတလေမှာ ဂျာနယ်လစ်တွေက ကစားသမားတွေရဲ့ အဝတ်လဲခန်းထဲအထိ ဝင်ရောက်ပြီး အင်တာဗျူးပြုလုပ်နိုင်ပါတယ်။
မက်ဆီလည်း မီဒီယာတွေနဲ့ ဒါမျိုးပြုလုပ်ရလိမ့်မယ်လို့ လိဂ်အကြီးအကဲက ပြောထားပေမယ့် တကယ့်လက်တွေ့မှာတော့ မက်ဆီက မီဒီယာတွေကို ရှောင်ကွင်းသွားခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ကစားသမားရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် မော်လီဒရက်စ်ကာက မက်ဆီအနေနဲ့ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်တာကြောင့် ဒီအစီအစဉ်မှာ ပါဝင်ခြင်းမရှိဘူးလို့ အသိပေးခဲ့ပါတယ်။
ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံမှုကို မက်ဆီရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်ကပဲ ဆောင်ရွက်ခဲ့တာဖြစ်ပြီး မက်ဆီကတော့ လုံးဝပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ဒီဖြစ်ရပ်အတွက် မက်ဆီကို တစ်စုံတစ်ရာ အရေးယူမှုရှိနိုင်၊ မရှိနိုင်ကိုတော့ မသိရှိရသေးပါဘူး။