မက်ဆီဟာ မေဂျာလိဂ်ရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီမှာ အင်တာမိုင်ယာမီကို ရောက်ရှိခဲ့ပြီး ဒီဆုကိုတော့ အခုမှ ဆွတ်ခူးနိုင်ခဲ့တာပါ။
ဒီဆုကတော့ ဧပြီလအတွက် ပေးခဲ့တဲ့ဆုဖြစ်ပြီး မက်ဆီဟာ ဒဏ်ရာက ပြန်လည်သက်သာလာပြီးကတည်းက အသင်းအတွက် တောက်လျှောက် ခြေစွမ်းပြနေခဲ့တာပါ။ မက်ဆီဟာ ဒီမတိုင်ခင်က တံကောက်ကြောဒဏ်ရာရရှိနေခဲ့ပြီး ဧပြီလ (၆) ရက်နေ့မှ ပြန်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် (၃၆) နှစ်အရွယ် မက်ဆီဟာ ဒဏ်ရာကပြန်လာပြီးနောက်ပိုင်း ဧပြီလအတွင်း ကစားခဲ့တဲ့ (၄) ပွဲမှာ (၆) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အခုလိုမျိုး ဧပြီလအတွက် မေဂျာလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို အငြင်းပွားဖွယ်မရှိ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
အင်တာမိုင်ယာမီနည်းပြ တာတာမာတီနိုကလည်း “မက်ဆီရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော် အံ့အားသင့်နေတာမျိုး မရှိပါဘူး။ မက်ဆီက ကွင်းထဲမှာ နေရာစုံကို ရွှေ့လျား ကစားနိုင်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမား၊ ကြီးကျယ်ခမ်းနားတဲ့ တိုက်စစ်ကစားသမားတစ်ယောက်ပါ”
“ကျွန်တော်တို့သူ့ကို မကြာခဏ ပေးကစားခဲ့တာမျိုးလည်း မရှိတာကြောင့် အခုလိုမျိုးပဲ မက်ဆီက သူ့ရဲ့ ပုံစံကို ပြန်ရလာခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ မေဂျာလိဂ် အရှေ့ပိုင်းဇုန်မှာ (၁၁) ပွဲကစား၊ (၂၁) မှတ် ရရှိထားကာ အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပါတယ်။