ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ မွန့်ရီယဲယ်နဲ့ အင်တာမိုင်ယာမီတို့ရဲ့ မေဂျာလိဂ်ပွဲမှာတော့ အင်တာမိုင်ယာမီက နောက်ကလိုက်ကစားပြီး ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင်က နှစ်ဂိုးပြတ်နဲ့ အရင်ဆုံး ဦးဆောင်ခဲ့တာပါ။
အဲ့ဒီနောက်မှာမှ အင်တာမိုင်ယာမီက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ လိုက်သွင်းပြီး ၂-၃ ဂိုးနဲ့ အနိုင်ရရှိကာ သူတို့ရဲ့ နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ မက်ဆီအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုရှိခဲ့ပါတယ်။
အဲ့ဒါကတော့ မေဂျာလိဂ်မှာ အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ စည်းမျဉ်းဖြစ်ပါတယ်။ ကစားသမားတစ်ယောက်က ကစားနေရင်း ဆေးအဖွဲ့ရဲ့ ကုသမှုကိုခံယူရမယ်ဆိုရင် ကွင်းပြင်မှာ အနည်းဆုံး (၂) မိနစ်ကြာ နေပြီးမှ ကွင်းထဲပြန်ဝင်ခွင့်ရှိမယ်ဆိုတာပါပဲ။ မက်ဆီကတော့ ဒီစည်းမျဉ်းကို သဘောကျနှစ်သက်ခြင်းမရှိဘဲ စောဒကတက်ခဲ့တာပါ။
မက်ဆီကလည်း ဒီပွဲမှာ အလားတူပဲ ဆေးအဖွဲ့ရဲ့ ဆေးကုသမှုကို အနည်းငယ်ခံယူခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ ကွင်းထဲကို ချက်ချင်း ပြန်ဝင်ခွင့်မရဘဲ ကွင်းဘေးမှာ စောင့်နေခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ မက်ဆီက “ဒီလိုစည်းမျဉ်းစည်းကမ်းမျိုးနဲ့ကတော့ ငါတို့တွေ လမ်းမှားရောက်နေပြီနော်” လို့ ကင်မရာကိုကြည့်ပြီး ပြောကြားသွားခဲ့တာပါ။
မက်ဆီ ကွင်းပြင်ရောက်နေချိန်မှာ အင်တာမိုင်ယာမီက နှစ်ဂိုးပြတ်နဲ့ရှုံးနိမ့်နေတာဖြစ်ပါတယ်။ မေဂျာလိဂ်ကတော့ ဒီစည်းမျဉ်းကို ကစားသမားတွေ အနိုင်ရနေချိန်မှာ အချိန်မဆွဲအောင် ရေးဆွဲခဲ့တာဖြစ်ပေမယ့် အခုလိုမျိုးပဲ ရှုံးနိမ့်နေတဲ့အသင်းတွေအတွက်တော့ တကယ့်ဟာကွက်တစ်ခုဖြစ်နေပါတယ်။