Meta CEO မတ်ခ်ဇူကာဘတ်ကတော့ မေ့တတ်လွန်းတဲ့ သူ့အင်ဂျင်နီယာအဖွဲ့ကို ဆူပူကြိမ်းမောင်းနေလောက်ပါပြီ။
ဈေးကွက်ထဲ မိတ်ဆက်ခြင်းမပြုရသေးတဲ့ Meta Quest Pro VR Headset ဟာ ဟိုတယ်ခန်းတစ်ခန်းထဲမှာ မေ့ကျန်ခဲ့တာပါ။ Project Cambria VR Headset အဖြစ် ထုတ်လုပ်ထားတဲ့ ဒီ VR Headset အင်ဂျင်နီယာပိုင်း Prototype နမူနာရှေ့ပြေးပုံစံဖြစ်ပြီး ရာမီယို ကာဒီနားစ်ဆိုတဲ့ ဟိုတယ်ဝန်ထမ်းတစ်ယောက်က တွေ့သွားခဲ့တာ ဖြစ်ပါတယ်။ ကာဒီနားစ်ရဲ့ အဆိုအရ ဒီ VR ထုတ်ကုန်ဟာ လက်ရှိမျိုးဆက် Quest 2 ထက် Hardware ပိုင်း ပိုသာလွန်ပြီး Headset ရဲ့ အရှေ့ဘက်မှာ ကင်မရာ ၃ ခု ပိုပါလာတယ်လို့လည်း ဆိုပါတယ်။
Meta Quest Pro သစ်မှာ သုံးတဲ့ Controller ဟာ လက်ရှိမျိုးဆက် Oculus Quest 2 မှာ သုံးတဲ့ စက်ဝိုင်းပုံ Open ဒီဇိုင်းနဲ့ မတူတဲ့ ပုံစံသစ်ကို သုံးလာတာ တွေ့ရပါတယ်။Controller ပေါ်မှာလည်း Onboard ကင်မရာနှစ်လုံး ပါလာပါတယ်။ Headset ဗူးပေါ်မှာ "တစ်ဆင့်ပြန်ရောင်းရန်မဟုတ် ၊ အင်ဂျင်နီယာပိုင်း နမူနာမျှသာ" လို့ ရေးထားပြီး Meta Quest Pro အမှတ်တံဆိပ် ရိုက်ထားပါတယ်။ ကာဒီနားစ်ဟာ ဒီထုတ်ကုန်ကို ပုံတင် ရိုက်တာမဟုတ်ဘဲ Unboxing Video ပါလုပ်ပြီး Social Media ပေါ် တင်ခဲ့တာပါ။
Zectarius Gaming က တင်တဲ့ ပို့စ်တစ်ခုမှာဆို Quest Pro မှာ Charging Dock တစ်ခုပါ ပါတယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ ဒီ VR Headset ကို ပိုင်ရှင်က ပြန်ယူသွားပြီ ဖြစ်ပါတယ်။ Meta အနေနဲ့ ကုမ္ပဏီရဲ့ ကြေညာခြင်းမရှိသေးတဲ့ ထုတ်ကုန်အကြောင်း ဓါတ်ပုံနဲ့ Unboxing Videos တွေကို Facebook ပေါ်ကနေ ဖယ်ရှားသွားဖို့ ရှိပါတယ်။ ကားဒီးနားစ်လည်း ဧည့်သည်ပစ္စည်းကို ယူပြီး ဓါတ်ပုံနဲ့ ဗွီဒီယိုရိုက်ကူးမှုနဲ့ ဟိုတယ်ကနေ အလုပ်ထုတ်ခံရဖို့ ရှိပါတယ်။
ဈေးကွက်ထဲ မဝင်ရသေးတဲ့ နမူနာ Prototype ပစ္စည်းတွေ လူအများရောက်ရှိတဲ့ နေရာတွေမှာ မေ့ကျန်ခဲ့တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အရင်ကလည်း Prototype မော်ဒယ် iPhone 4 ကို ကယ်လီဖိုးနီးယားက အရက်ဘားတစ်ခုမှာ မေ့ကျန်ခဲ့ရာကနေ ကောက်တွေ့သွားသူက Gizmodo ဝက်ဘ်ဆိုက်ကို ရောင်းချခဲ့ပြီးနောက် နာမည်ကြီးသတင်းအဖြစ် ကမ္ဘာက သိသွားခဲ့ပါတယ်။ မကြာသေးခင်ကလည်း Google Pixel Watch နမူနာ Prototype ထုတ်ကုန်တစ်ခု စားသောက်ဆိုင်မှာ မေ့ကျန်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
Meta ကုမ္ပဏီကတော့ ကုမ္ပဏီရဲ့VR Headset ထုတ်ကုန်သစ်အကြောင်း အတည်ပြုခြင်းမျိုး မရှိသေးပါဘူး။ Meta ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက Cambria နာမည်နဲ့ နည်းပညာမြင့် VR Headset ပရောဂျက်တစ်မျိုးကို မိတ်ဆက်သွားမယ်လို့ ကြေညာထားတာပါ။ Project Cambria လို့ ကုဒ်နာမည်ပေးထားတဲ့ ဒီ hardware ထုတ်ကုန်မှာ အဆင့်မြင့် ပုံရိပ်ယောင်နဲ့အစစ်အမှန်လောကပေါင်းစည်းထားတဲ့ အတွေ့အကြုံသစ်တွေ ၊ မျက်နှာအတိုင်း ခြေရာခံစနစ်နဲ့ ပိုပြီး တိကျအားကောင်းတဲ့ အမြင်အာရုံစနစ်တို့ ပါဝင်လာမယ်လို့ ဆိုပါတယ်။
Cambria ဟာ တခြား VR Headset တွေမှာ မလုပ်နိုင်တဲ့ စွမ်းဆောင်မှုတွေ လုပ်နိုင်မယ်လို့လည်း ဆိုပါတယ်။ ဒီထုတ်ကုန်မှာ ပါတဲ့ အာရုံခံစနစ်သစ်တွေဟာ ကိုယ့်ရဲ့ Virtual ပုံတူကို ကိုယ့်ရဲ့မျက်နှာပြင်အမူအယာဖော်ပြချက်အတိုင်း ပုံဖော်နိုင်မယ်လို့ လည်း ကုမ္ပဏီက ပြောပါတယ်။ Cambria ဟာ ပြင်ပရုပ်လောကထဲက အရာဝတ္ထုတွေကို ကိုယ်စားပြုနိုင်စွမ်းရှိမယ်လို့လည်း ပြောထားပါတယ်။
ဒီနှစ်နွေရာသီမှာ တင်ခဲ့တဲ့ Meta CEO မတ်ခ်ဇူကာဘတ်ရဲ့ သရုပ်ပြ Demo ပို့စ်ထဲမှာ Quest Pro ဟာ Mixed Reality ပံ့ပိုးမှု ပါလာပြီး Headset ကို ချွတ်စရာမလိုဘဲ ပြင်ပပတ်ဝန်းကျင်က မြင်ကွင်းတွေကို ကင်မရာကနေ လက်တွေ့အတိုင်း ရောင်စုံ မြင်တွေ့နိုင်ပြီး Depth Sensor အကူအညီနဲ့ ဒီဂျစ်တယ်အရာဝတ္ထုတွေကို ပြင်ပဝန်းကျင်မှာ တိတိကျကျ ဖော်ပြနိုင်မယ်လို့ ဆိုပါတယ်။