ဟောင်ကာင်မှာ လူသတ်မှုဖြင့် သံသယရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားတစ်ဦးဟာ သူစိမ်းအမျိုးသမီးတစ်ဦးနဲ့အတူ မိတ်ဖြစ်ဆွေဖြစ် ဘီယာသောက်ခဲ့ရာကနေ ဖမ်းဆီးခံလိုက်ရပါတယ်။
သံသယရှိသူဟာ တက္ကစီမောင်းသူတစ်ဦးရဲ့ လည်းပင်းကို ဓားဖြင့်လှီးခဲ့ကြောင်း စွပ်စွဲခံရထားရပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်ပါတယ်။ အင်္ဂါနေ့ (အောက်တိုဘာ ၁၂ ရက်) က အမှုအခင်းဖြစ်ရပ်မှာ လည်းပင်းကို ဓားဖြင့်လှီးခံရတဲ့ အသက် ၄၈ နှစ်အရွယ် တက္ကစီမောင်းသူဟာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ပါတယ်။ ထိုအမှုကို ဟောင်ကောင်မှာ လူအများ စိတ်ဝင်စားနေခဲ့ကြပါတယ်။
(ရဲက ထုတ်ပြန်ထားသည့် လူသတ်မှု သံသယတရားခံပုံ) (Photo: Hong Kong Police's Facebook)
ရဲတပ်ဖွဲ့က သံသယရှိသူရဲ့ မျက်နှာပုံတွေကို ဖြန့်ဝေထားပြီး တွေ့ရှိပါက သတင်းပေးရန်နဲ့ ၎င်းဟာ အလွန်အန္တရာယ်ရှိသူဖြစ်ကြောင်း အများပြည်သူကို သတိပေး ပြောကြားထားခဲ့ပါတယ်။ ရာဇဝတ်မှုခင်း ဖြစ်ပွားမှုနှုန်းနည်းပါးတဲ့ ဟောင်ကောင်မှာ အကြမ်းဖက်သတ်ဖြတ်မှုဟာ ရှားပါးတဲ့ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၃ ရက်) မွန်းလွဲပိုင်းမှာတော့ Lamma ကျွန်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက သူမရဲ့နေအိမ်ဘေး စတိုင်းဆိုင်တစ်ဆိုင်အပြင်ဘက်မှာ ဘီယာထိုင်သောက်နေစဥ် လူသတ်သမားအဖြစ် သံသယရှိသူ အမျိုးသားနဲ့ မျက်နှာချင်းဆိုင် ဆုံခဲကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
(လူသတ်မှု သံသယတရားခံကို ဖမ်းဆီးခဲ့သည့် နေရာ) (Photo: Dickson Lee)
သူမရဲအမည်ကို Tracy လို့သာ သိမှတ်ထားစေလိုတဲ့ Lamma ကျွန်းသူ အမျိုးသမီးက ကနဦးမှာ လူသတ်မှု သံသယတရားခံ အမျိုးသားဖြစ်ကြောင်း သတိမပြုမိခဲ့ဘဲ ၎င်းတို့နှစ်ဦး ဘီယာသောက်ရင်း စကားစမြည် ပြောဆိုခဲ့ကြပါတယ်။ ထိုအမျိုးသားက သိမ်သိမ်မွေ့မွေ့နဲ့ ခင်စရာကောင်းတယ်လို့ Tracy က ဒေသခံမီဒီယာကို ပြောပါတယ်။ ထို့နောက် မိုးသည်းထန်စွာရွာသွန်းလာချိန်မှာ ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ကြတယ်လို့ ဆိုပါတယ်။
Tracy ဟာ ထိုနေ့ညပိုင်းက ၎င်းတို့နှစ်ဦး ဆုံတွေ့ခဲ့တဲ့ဆိုင်ကို နောက်တစ်ကြိမ်ပြန်သွားခဲ့ရာမှာလည်း အဆိုပါ အမျိုးသားကို တစ်ကိုယ်လုံး ရေစိုရွှဲလျက် ပြန်တွေ့ခဲ့ပြန်ပါတယ်။ ဆိုင်မှာ တစ်နေကုန်ရှိနေပြီး ရေစိုနေတဲ့ အဝတ်တွေကိုပဲ ဝတ်ထားတဲ့အမျိုးသားကိုကြည့်ပြီး Tracy က အလွန်ထူးဆန်းနေတယ်လို့ စတင်တွေးလာမိခဲ့ကြောင်း South China Morning Post သတင်းဌာနကို ပြောခဲ့ပါတယ်။ ထိုအမျိုးသားက ၎င်းနေထိုင်ရာ နေရာကို ပြောပြခဲ့ရာ Tracy က လူသတ်မှုအကြောင်း သတင်းဖတ်ခဲ့ဖူးတာကို ချက်ချင်း သတိရသွားခဲ့ပါတယ်။
(အခင်းဖြစ်ပွားခဲ့သည့် တက္ကစီကို စစ်ဆေးနေစဥ်) (Photo: SCMP)
ထို့နောက် Tracy က အိမ်ကို အလျင်အမြန် ပြန်လာခဲ့ကာ အဆိုပါ အမျိုးသားရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းမှာ ရှာဖွေတွေ့ရှိပြီး လူသတ်မှု သံသယတရားခံဖြစ်နေကြောင်း သိရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ Tracy က ရဲတပ်ဖွဲ့ထံ ဖုန်းခေါ်ဆိုကာ အကျိုးအကြောင်းပြောပြီးနောက် ထိုအမျိုးသားကို စောင့်ကြည့်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ ရောက်ရှိလာပြီး Matthew Choi အမည်ရှိ လူသတ်မှု သံသယတရားခံ အမျိုးသားကို ဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးစဥ် ထိုအမျိုးသားက ထွက်မပြေးဘဲ တည်တည်ငြိမ်ငြိမ်နဲ့ အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။ "ကျွန်မ မကြောက်ခဲ့ပါဘူး၊ ကျွန်မတို့ ကောင်းကောင်းမွန်မွန်ပဲ စကားတွေပြောခဲ့ကြတယ်၊ အခြေအနေတစ်ခုလုံးအတွက် ကျွန်မ စိတ်မကောင်းသလို ခံစားရတယ်" လို့ Tracy က Hong Kong Free Press (HKFP) သတင်းဌာကို ဖွင့်ဟပြောခဲ့ပါတယ်။