မန်ချက်စတာယူနိုက်တက်အသင်းမှာ အနှိပ်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရော့ဘ်သွန်းလေက ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ X-Factor က မိန်းကလေးနှစ်ဦးရဲ့ ဖုန်းနံပါတ်ကို ရရှိဖို့အတွက် သူ့ရဲ့ ပေါ်ရှေးကားကြီးကို ထက်ဝက်စျေးနဲ့ သူ့ဆီကို ပေးခဲ့ဖူးတယ်လို့ ဖွင့်ဟလိုက်ပါတယ်။
podcast တခုမှာ သူက ပြောဆိုခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရဲ့ ဖုန်းနံပါတ်လေးရဖို့အတွက် ကြီးမားတဲ့ အရင်းအနှီးလုပ်ခဲ့ပုံကို ပြန်ဖောက်သည်ချခဲ့တာပါ။ မိန်းမလှပေါင်းများစွာနဲ့ ထည်လဲတွဲခဲ့ဖူးတဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ ပေါင် ၆ သောင်းတန်ကားကို ပေါင် ၃ သောင်းနဲ့ ပြန်ရောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။
"ပွဲတပွဲ မတိုင်ခင်ညကဗျ၊ ကျနော်တို့က Lowry ဟိုတယ်မှာ တည်းနေတာ၊ ခရစ္စတီယာနိုရော်နယ်ဒိုကို ကုတင်ပေါ်မှာ ကျနော်က သူ့ခြေထောက်တွေကို နှိပ်ပေးနေပြီး TV ကနေ X-Factor ကြည့်နေတာ၊ အဲဒီမှာသူက Dannii Minogue ကိုမြင်ပြီး အဲဒါဘယ်သူလဲ၊ သူ့ဖုန်းနံပါတ်ရနိုင်လားဆိုပြီး မေးရော"
"ကျနော့်အတွက်တော့ ယူနိုက်တက်မှာ အနှိပ်သမားလုပ်ရတာ သိပ်တော့မဟန်ဘူး၊ ဒီလိုမိန်းကလေးတွေရဲ့ နံပါတ်ကို ဘယ်လိုရနိုင်ပါ့မလဲ၊ ဒါပေမယ့် ကျနော်က နည်းလမ်းပေါင်းစုံသုံးတတ်တော့ လေးငါးရက်အကြာမှာ သူမဖုန်းနံပါတ်ကို ရလိုက်တယ်၊ ကျနော့်ဖုန်းထဲမှာ သူမနံပါတ်က ရောက်နေပြီ၊ ဒါပေမယ့် သူက နောက်ထပ်တယောက်ကို မျက်စိကျသွားပြန်ရော၊ ဒီတခါကျတော့ သူက Kimberly Wyatt ရဲ့ နံပါတ်ကို လိုချင်တာ"
"ကျနော်လည်း ငါ့အတွက် ဘာပြန်ရမှာလဲလို့ မေးလိုက်တယ်၊ သူက မင်း ငါ့ကားကို လိုချင်လားဆိုပြီး ပြန်မေးတယ်၊ သူ့မှာ ပေါ်ရှေးကားတစီးရှိတယ်လေ၊ ငါ မက်ဒရစ်ကို ပြောင်းတဲ့အချိန်ကျရင် ငါ့ကားကို မင်းဆီ ထက်ဝက်စျေးနဲ့ ရောင်းပေးမယ်တဲ့၊ ကျနော်လည်း အိုကေပေါ့၊ ၁၀ မိနစ်အကြာမှာ Kimberly Wyatt ရဲ့ နံပါတ်ကို သူ့ဆီ ကျနော်ပေးလိုက်တယ်"
"ရာသီကုန်လည်းကျရော၊ ငါတို့ သဘောတူထားတာ မှတ်မိသေးလားလို့ မေးတော့ သူက မှတ်မိတယ်တဲ့၊ သူ့ကို ကျနော် ပေါင် ၃ သောင်းပေးပြီး ပေါ်ရှေးကားကို ယူလိုက်တယ်၊ နောက်တရက်ကျတော့ ကျနော် အဲဒီကားကို ပေါင် ၆ သောင်းနဲ့ ပြန်ရောင်းပစ်လိုက်တယ်" လို့ podcast မှာ ရော့ဘ်သွန်းလေက ပြောခဲ့ပါတယ်။