အမျိုးသမီးတစ်ယောက်မှာ တစ်ကိုယ်ရေသန့်ရှင်းမှုရှိခြင်းက သူ့ကို ပိုကြည့်ကောင်းစေပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဟာ ကျန်းမာခြင်းရဲ့ အခြေခံဖြစ်သလို လူမှုဆက်ဆံရေးမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍအနေနဲ့ သက်ရောက်ပါတယ်။
၁။ ရေချိုးပါ
နေ့တိုင်း ရေချိုးရပါမယ်။ လိုအပ်ရင် တစ်နေ့ နှစ်ကြိမ်ချိုးပါ။ ဆပ်ပြာအပျော့ကိုသုံးပါ။ အထူးသဖြင့် ခြေ၊ မျက်နှာ၊ လက်၊ ချိုင်းကြား ၊ ပေါင်ကြား စတဲ့ ဘက်တီးရီးယား ခိုအောင်းနိုင်တဲ့ ကြားနေရာတွေကို အထူးဂရုပြု သန့်ရှင်းဖို့ လိုပါတယ်။ရေမချိုးဘဲ ရေမွှေးတွေပဲ စွတ်နေလို့လည်း တစ်ကိုယ်ရေသန့်ရှင်းမှုမရှိနိုင်ပါဘူး။ ရေချိုးတာဟာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဖြစ်ပြီး ရောဂါပိုးမွှားတွေ ကင်းစင်အောင် ဖြစ်ပါတယ်။
၂။ ခေါင်းလျှော်ပါ
Photo- timesofisrael.com
ဆံပင်ဟာ ချွေးတွေ ၊ အဆီတွေနဲ့ ဖုန်မှုန့်တွေ ကပ်တွယ်ဖို့အကောင်းဆုံးနေရာဖြစ်လို့ အပြင်ထွက်သူတွေအနေနဲ့ တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်တော့ ခေါင်းလျှော်သင့်ပါတယ်။ခေါင်းလျှော်တဲ့အခါမှာ ကိုယ့်ဆံသား ၊ ဦးရေးပြားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည် ၊ ပျော့ဆေး ၊ ပေါင်းဆေး တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
၃။ တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ
မနက်ခင်း အိပ်ရာထချိန်နဲ့ ညအိပ်ရာမဝင်မီ မျက်နှာသစ်ခြင်းကို မိန်းကလေးတွေအနေနဲ့ အလေ့အကျင့်ပြုလုပ်သင့်ပါတယ်။ ကိုယ့်မျက်နှာအသားအရေနဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆပ်ပြာ အမျိုးအစားကို သုံးပြီး သန့်စင်ပါ။ ဒါမှသာ ဝက်ခြံ ၊ ဆားဝက်ခြံ ၊ တင်းတိပ်လို အနာအဆာတွေကို သက်သာပျောက်ကင်းအောင် ၊ ဖြစ်မလာအောင် တားဆီးပေးနိုင်တဲ့ အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။
၄။ သန့်ရှင်းတဲ့ အဝတ်ဝတ်ပါ
Photo-presstong.com
အဝတ်အစားတွေကို ဝတ်ပြီးတိုင်း လျှော်ရမယ်လို့ မဆိုလိုပေမယ့် အဝတ်တွေက အစွန်းအထင်း ၊ အညစ်အကြေးနဲ့ အနံ့အသက်မရှိဖို့ လိုပါတယ်။ တချို့အဝတ်တွေက တစ်ခါဝတ်ပြီးရင် နေပူပြန်လှန်းပြီး ဝတ်လို့ရပါတယ်။ဒါပေမယ့် အတွင်းခံတွေကိုတော့ ဝတ်ပြီးရင် လျှော်ရပါမယ်။ လျှော်ပြီးသားကိုပဲ ဝတ်သင့်ပါတယ်။ ခြေအိတ်တွေကိုလည်း အဲဒီလိုပဲ လျှော်ရပါမယ်။ ဒါ့အပြင် အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါ လဲသင့်ပါတယ်။
၅။ လက်ကိုမကြာခဏဆေးပါ
မကြာခဏ လက်ဆေးခြင်းကလည်း တစ်ကိုယ်သန့်ရှင်းရေးမှာ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။အထူးသဖြင့် အိမ်သာကအထွက် ၊ နှာချေပြီး ၊ ချောင်းဆိုးပြီး ၊ အစာမစားမီ ဒါမှမဟုတ် မကိုင်တွယ်မီ အချိန်တွေမှာ လက်သေချာဆေးပါ။ဒါ့အပြင် လူအများကိုင်တွယ်ပြီး ထိထားတဲ့ ပိုက်ဆံလိုအရာမျိုး ကိုင်ပြီးချိန် လက်ဆေးပါ။လက်ဖဝါး ၊ လက်ကောက်ဝတ်၊ လက်သည်းကြားတွေကို စက္ကန့် နှစ်ဆယ်ကြာ ပွတ်တိုက်ဆေးကြောပါ။
၆။ အမွှေးအမျှင်တွေ ဖယ်ရှားပါ
Photo-oao-7.top
လက် ၊ ခြေထောက် ၊ ချိုင်းနဲ့ မိန်းမကိုယ်ဧရိယာက အမွှေးမျှင်တွေကို ဖယ်ရှားလို့ ရပါတယ်။ အထူးသဖြင့် ချိုင်းကြားနဲ့ မိန်းမကိုယ်ဧရိယာက အမွှေးအမျှင်တွေဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားတဲ့ နေရာမို့ အနံ့ဆိုးတွေ ပိုပြီးဖြစ်ပေါ်ပါတယ်။ ဒါကြောင့် အမွှေးမျှင်တွေကို ရှည်လာအောင် မထားသင့်ဘဲ ရိတ်တာ ၊ ဖယောင်းနဲ့ခွာတာ ၊ လေဆာပစ်တာ စတဲ့နည်းလမ်းအမျိုးမျိုးနဲ့ ဖယ်ရှားနိုင်ပါတယ်။
၇။ ခံတွင်းသန့်ရှင်းရေးလုပ်ပါ
မနက်အိပ်ယာထချိန်နဲ့ ညအိပ်ယာမဝင်မီ တစ်နေ့ကို သွား၂ကြိမ် တိုက်ပါ။ ဒါဟာ သွားပိုးစားခြင်း ၊ သွားဖုံးရောဂါနဲ့ ခံတွင်းနံ့ဆိုးတွေကိုလည်း လျော့ကျစေသလို ခံတွင်းနံ့ဆိုးတွေကြောင့် လူမှုဆက်ဆံရေးမှာ မျက်နှာပျက်ရတာမျိုးလည်း မရှိတော့ပါဘူး။တကယ်လို့ ကိုယ့်မှာ အံကပ် ၊ ဒါမှမဟုတ် သွားညှိကုသတာမျိုး ပြုလုပ်ထားရင်တော့ အစားစားပြီးတိုင်း ပလုတ်ကျင်းတာ ၊ ခံတွင်းသန့်စင်တာ လုပ်ပေးပါ။ ဒါ့အပြင် ခံတွင်းသန့်ရှင်းရေးအတွက် သွားပွတ်တံတွေကို (၃)လတစ်ကြိမ် အသစ်လဲလှယ်ပေးပါ။
၈။ တစ်ကိုယ်ရေသုံးပစ္စည်းတွေ မျှဝေမသုံးစွဲပါနဲ့
တစ်ကိုယ်ရေသန့်ရှင်းရေးမှာ အရေးပါတဲ့အချက်အနေနဲ့ ကိုယ့်ရဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို သူများကို မျှဝေသုံးစွဲခွင့်မပေးတာလည်း ပါဝင်ပါတယ်။ သွားပွတ်တံ ၊ လက်သည်းညှပ် ၊ ဘီး ၊ မျက်နှာသုတ်ပဝါလို ပစ္စည်းတွေကို သူများပစ္စည်းလည်း ယူမသုံးပါနဲ့။ ကိုယ့်ပစ္စည်းတွေလည်း သူများကို ပေးမသုံးပါနဲ့ ။
ဒီအချက်တွေက အထွေအထူးလုပ်ရမယ့် အရာတွေမဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်တွေဆိုပေမယ့် တစ်ကယ်လည်း လက်တွေ့လုပ်ရမယ့် အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် သန့်ရှင်းချင်တယ်ဆိုပြီး မိန်းမကိုယ်ဧရိယာကို ဆပ်ပြာနဲ့ဆေးတာတွေ ၊ အတွင်းခံဘောင်းဘီတွေကို ရေမွှေးဖျန်းတာမျိုးတွေတော့ မလုပ်မိဖို့ လိုပါတယ်။