အိမ်မှုကိစ္စဟာအမျိုးသမီးတွေမှာပဲတာဝန်ရှိတယ်ဆိုတဲ့ အယူအဆကြောင့် အိမ်ထောင်ရေးမှာ အမျိုးသမီးအများစုမပျော်မရွှင်ဖြစ်နေကြရပါတယ်။

"မိန်းကလေးပဲ မီးဖိုချောင်နိုင်ရမှာပေါ့" "ကလေးထိန်းရမှာက မိခင်တာဝန်ပဲလေ" "အမျိုးသမီးဆိုတာ သေစာ/ရှင်စာ တတ်ရင်တော်ရောပေါ့"



ဒီလို စကားသံမျိုးတွေကို လူ့အသိုင်းအဝန်းမှာ ကျယ်ကျယ်လောက်ကြားနေခဲ့ကြရတာ ဆယ်စုနှစ်ပေါင်းမနည်းတော့ပါဘူး။ တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ ကျား/မ ခွဲခြားဆက်ဆံမှုဆိုတာမရှိတော့ဘူးလို့ ဘယ်လိုပဲအော်နေကြပါစေ။ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဒီပြဿနာက ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ရပ်ဖြစ်နေဆဲပါ။

မိန်းကလေးတွေကို ခွဲခြားဆက်ဆံခြင်းရဲ့အကျိုးဆက်မြောက်များစွာရှိနေပေမယ့် ဒီနေ့ကမ္ဘာမှာ အများဆုံးရင်ဆိုင်နေရတဲ့ အကျိုးဆက်ကတော့ အိမ်ထောင်ကွာရှင်းမှုများလာစေတာပါပဲ။

Photo: Shutterstock

အိမ်မှုကိစ္စနဲ့ မိသားစုတာဝန်က အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာလား

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေအမြဲလိုဖြစ်တတ်ကြပါတယ်။ အိမ်ထောင်ထိန်းသိမ်းရမှာ၊ အိမ်မှုကိစ္စလုပ်ရမှာ၊ ကလေးကိုပြုစုပျိုးထောင်ရမှာတွေက မိန်းကလေးတွေရဲ့အဓိကတာဝန်လို့ အမျိုးသားအများစုက မှတ်ယူတတ်ကြပါတယ်။

The National Institute for Occupational Safety and Health (NIOSH) က ကိုဗစ်ကာလ Lock Down မိနေချိန် အမျိုးသားတွေကို စစ်တမ်းကောက်ယူခဲ့ရာမှာ အိမ်မှုကိစ္စကို အမျိုးသမီးတွေက ဦးဆောင်စီစဉ်သင့်တယ်လို့ ၇၅%အထိဖြေကြားခဲ့ပြီး ကျန် ၂၅%ကတော့ နှစ်ဦးအတူတကွလုပ်ကိုင်သင့်တယ်လို့ဆိုပါတယ်။ အမျိုးသမီးတွေ အိမ်မှုကိစ္စလုပ်သင့်တယ်လို့ဖြေခဲ့တဲ့ အမျိုးသားအများစုရဲ့အကြောင်းပြချက်ကတော့ သူတို့မှာ Work from Home အလုပ်တွေရှိနေကြတယ်လို့ ဆိုပါတယ်။ ဒါဆိုရင် အိမ်အလုပ်အပြင် မိသားစုဝင်ငွေရမယ့်အလုပ်အကိုင်မျိုးကို လုပ်နေကြတဲ့ အမျိုးသမီးတွေကရော

ဂျပန်နိုင်ငံမှာ Work from Home အလုပ်လုပ်ကိုင်ရတဲ့ကာလအတွင်း အိမ်အလုပ်နဲ့ရုံးအလုပ်အကြားဝန်ပိပြီး စိတ်ဖိစီးမှုခံစားနေရတဲ့ အမျိုးသမီးဦးရေဟာ ၃၅%အထိမြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် အိမ်မှုကိစ္စဟာ အမျိုးသမီးတွေမှာပဲ တာဝန်ရှိတယ်ဆိုတဲ့ အယူအဆကြောင့် အိမ်ထောင်ရေးမှာ အမျိုးသမီးအများစု မပျော်မရွှင်ဖြစ်နေကြရပြီး အိမ်ထောင်ကွဲမှုကို ဦးတည်နေတဲ့ အခြေအနေကို ခံစားနေကြရပါတယ်။

ကျား/မ ခွဲခြားမှုဘယ်ကစသလဲ

Photo: UNICEF

မွေးကတည်းကစတယ်လို့ပဲ ဆိုရမှာပါ။ မိသားစုတွေမှာ အိမ်တွင်းစည်းကမ်းတွေကနေစပြီး မိန်းကလေးတွေနဲ့ ယောကျာ်းလေးတွေကိုမသိမသာခွဲခြားမှုတွေ စတင်လာခဲ့ပါတယ်။ "သမီးမိန်းကလေးတွေနဲ့ သားယောကျာ်းလေးတွေက စပြီးတော့ မွေးလာကြတဲ့အချိန်မှာ ကျွန်မတို့က ကလေးသဘာဝဆော့ကစားတဲ့ အချိန်မှာကိုပဲ သမီးမိန်းကလေးဆို ဘယ်လို၊ သားယောကျာ်းလေးဆိုဘယ်လိုဆိုပြီး မှတ်ယူတတ်ကြပါတယ်။ တကယ်တော့ ကြွက်သားတွေသန်စွမ်းဖို့အတွက်က ကလေးငယ်တိုင်းလိုအပ်ပါတယ်။ ဒါပေမယ့် သမီးမိန်းကလေးက သုံး၊လေးနှစ်အရွယ်မှာ ကလေးသဘာဝ ဘားတန်းခိုချင်တယ်၊ အမြင့်ကိုတက်ချင်လာတဲ့အခါမျိုးတွေမှာ မိန်းကလေးဆိုတာ ငြိမ်ငြိမ်နေရမယ်၊ မိန်းကလေးဆိုတာ အိုးပုတ်နဲ့ပဲကစားရမယ်၊ မိန်းကလေးက ယောကျာ်းလေးကျနေတာပဲ ဆော့လိုက်ကြတာဆိုပြီးပြောကြတယ်။ ဒါက စကားလုံးတွေနဲ့ စပြီးခွဲခြားဆက်ဆံတာပါ။ မိန်းကလေးမို့ ဘားတန်းမခိုရဘူး၊ မိန်းကလေးမို့ သစ်ပင်မတက်ရဘူး၊ မိန်းကလေးမို့ ကြိုးမခုန်ရဘူးဆိုတဲ့ စကားလုံးတွေက ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ ကျား/မခွဲခြားမှုကို ပထမဆုံးစတင်လိုက်တာပါ"လို့ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးစာပေတွေ ရေးသားနေတဲ့ စာရေးဆရာမ ပန်းရိပ်ဖြူက သူ့အမြင်ကိုပြောပါတယ်။

ကျား/မခွဲခြားဆက်ဆံခံရခြင်းရဲ့နောက်ဆက်တွဲအကျိုးဆက်

ဒီအကျိုးဆက်တွေကတော့ အရမ်းကိုများပြားပေမယ့် အဓိက,အကျဆုံးက မိန်းကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာပျော့ညံ့သွားစေတာပါ။ ကျား/မတန်းတူဆော့ကစားခွင့်မရခဲ့တဲ့အတွက် သန်စွမ်းမှုလျော့ကျလာမယ်၊ စိတ်ပိုင်းဆိုင်ရာ အားနည်းသွားမယ်၊ အမျိုးသားတွေကိုပဲ အဓိကအားကိုးရာလို့ ထင်မြင်ယူဆလာမယ်။ ဒါက လူ့အဖွဲ့အစည်းအတွင်းမှာ ထင်သာမြင်သာရှိတဲ့ ဆုံးရှုံးမှုမျိုးတွေပါ။

ဒါတွေအပြင် ပညာသင်ခွင့်၊လုပ်ငန်းခွင်အခြေအနေတွေမှာလည်း ထိခိုက်ဆုံးရှုံးမှုတွေရှိလာစေနိုင်ပါတယ်။ ကျောင်းပညာသင်ကြားရာမှာ အားကစားနဲ့လက်တွေ့စမ်းသပ်ချက်တွေကို အမျိုးသမီးတွေနဲ့ မဆိုင်ဘူးဆိုပြီးလုပ်ခွင့်မရတာ၊ အင်ဂျင်နီယာ၊ လျှပ်စစ်ပညာရပ်တွေက အမျိုးသမီးတွေနဲ့မသက်ဆိုင်ဘူးဆိုပြီး နှိမ့်ချခံရတာမျိုးတွေက လူ့အဖွဲ့အစည်းအတွက်သာမကဘဲ နိုင်ငံအတွက်ပါ အရေးပါတဲ့ပညာရှင်တွေကိုဆုံးရှုံးရတာမျိုးအထိ ကြုံတွေ့နိုင်တယ်လို့ စာရေးဆရာမ ပန်းရိပ်ဖြူကသုံးသပ်ပါတယ်။

အိမ်ထောင်ရေးမှာ မှားယွင်းနေတဲ့ အယူအဆများ

Photo: CNBC

မဖွံ့ဖြိုးသေးတဲ့ နိုင်ငံအများစုမှာတော့ အမျိုးသမီးတွေရဲ့အဓိကတာဝန်က အမျိုးသားတွေကို ချက်ပြုတ်ကျွေးမွေးဖို့ဆိုပြီး မှတ်ယူသင်ကြားခံရပါတယ်။ အိမ်ထောင်ကျသွားရင် ချက်ပြုတ်ကျွေးမွေးလျှော်ဖွပ်တာက အမျိုးသမီးတွေရဲ့သမားရိုးကျလုပ်ငန်းစဉ်လို့ ဘိုးစဉ်ဘောင်ဆက်ယုံကြည်လက်ခံတတ်ကြတာမျိုးပါ။

ထမင်း၊ဟင်း ချက်ပြုတ်ကျွေးမွေးရတာက အမျိုးသမီးရဲ့တာဝန်၊ ကလေးပြုစုပျိုးထောင်ရမှာက အမျိုးသမီးရဲ့တာဝန်ဆိုပြီးတော့ ခေတ်နောက်ကျတဲ့ လူ့အဖွဲ့အစည်းက သတ်မှတ်ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ဒီလိုရှေးရိုးစွဲအယူအဆတွေကြောင့် နိုင်ငံရဲ့ပုံရိပ်ကိုပါထိခိုက်စေနိုင်ပြီး အမျိုးသမီးတွေရဲ့လုပ်နိုင်စွမ်းကို ကန့်သတ်ထားတဲ့အတွက် လူ့စွမ်းအားအရင်းအမြစ်ကိုကျဆင်းစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှေးကွေးတဲ့အထိ ဖြစ်လာစေနိုင်ပါတယ်။

ကျား/မ ခွဲခြားခြင်းနောက်ကွယ်က အိမ်ထောင်ကွဲဇာတ်လမ်းများ

ကျား/မ ခွဲခြားဆက်ဆံခြင်းရဲ့နောက်ကွယ်မှာ လူမသိသူမသိပြတ်စဲသွားရတဲ့ ဆက်ဆံရေးတွေ အိမ်ထောင်ရေးတွေ အများအပြားရှိနေပါတယ်။ ကျား/မခွဲခြားတာ ဘာများအရေးကြီးလို့လဲလို့ ထင်ကောင်းထင်နိုင်ပေမယ့် ကျား/မ ခွဲခြားမှုများတဲ့ နိုင်ငံတွေမှာဆိုရင် အမျိုးသမီးတွေဟာ အိမ်ထောင်မပြုတော့ဘဲ တစ်ကိုယ်တော်ရပ်တည်နေထိုင်လာတာ၊ အိမ်ထောင်ကွဲများလာတာစတဲ့ နောက်ဆက်တွဲပြဿနာတွေကို ရင်ဆိုင်လာကြရပါတယ်။

ကျား/မ ခွဲခြားဆက်ဆံမှုက အမျိုးသားတွေကို တရားဝင်အနိုင်ကျင့်ခွင့်ပေးထားသလိုဖြစ်နေတဲ့အတွက် အမျိုးသမီးအများစုက အမျိုးသားတွေအပေါ် ယုံကြည်မှုမရှိတော့သလို အိမ်ထောင်ရေးအပေါ်မှာလည်း ယုံကြည်မှုမရှိတော့တာမျိုး ကြံလာရတတ်ပါတယ်။

လုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေဆိုရင် အပြင်ထွက်အလုပ်လုပ်၊ အိမ်ပြန်လာတာနဲ့ အိမ်မှုကိစ္စလုပ်ဆိုတဲ့ သံသရာမှာလည်ပတ်လာတဲ့အခါ အမျိုးသားတွေမရှိလည်း ဘာမှအရေးမကြီးဘူးဆိုတဲ့ တွေးထင်တတ်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျား/မခွဲခြားဆက်ဆံမှုဟာ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝန်းကနေ ကိုယ်နေထိုင်တဲ့ နိုင်ငံရဲ့ပုံရိပ်အထိပါ ထိခိုက်စေလာနိုင်တာမို့ အလေးထားပြင်ဆင်ဆောင်ရွက်ရမယ့် ကိစ္စရပ်အနေနဲ့ ရှုမြင်သုံးသပ်ကြပါတယ်။

Share

Loading Next Article...
က္က