ကလော့ပ်က လီဗာပူးနဲ့ (၂၀၂၆) အထိ စာချုပ်သစ်ချုပ်လိုက်တာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့တဲ့အကြောင်းရင်းတွေထဲက တခုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကလော့ပ်နဲ့လီဗာပူးတို့ မူလချုပ်ဆိုထားတဲ့ စာချုပ်က (၂၀၂၄) မှ သက်တမ်း ကုန်ဆုံးမှာပါ။



ဒါပေမယ့် မနေ့ကပဲ ကလော့ပ်က အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီး (၂၀၂၆) အထိ လီဗာပူးမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်က ကလော့ပ် လီဗာပူးက ထွက်ခွာသွားမှာကို ပရိသတ်တွေက စိုးရိမ်ခဲ့ကြပါတယ်။ မထင်မှတ်ဘဲ အခုလို စာချုပ်သစ် အလျင်အမြန် ချုပ်ဆိုဖြစ်ခဲ့တာက လီဗာပူးပရိသတ်တွေအတွက် ကျေနပ်စရာပါ။

ဒီအတွက်လည်း ကလော့ပ်က “ကြေညာစရာရှိတာပေါ့ဗျာ။ နောက်ဆုံးအကြိမ်တုန်းကလိုပါပဲ။ အချို့ကျ သဘောကျမယ်၊ အချို့ကတော့ သဘော သိပ်ကျမှာ မဟုတ်ပါဘူး။ ကျနော် လီဗာပူးမှာ နောက်ထပ် (၂) နှစ် ဆက်ရှိနေမှာပါ။ ကျနော် တယောက်တည်း မဟုတ်ပါဘူး”

“ကျနော့်ရဲ့ နည်းပြအဖွဲ့ဝင်အားလုံးပါပဲ။ ဒါကလည်း အရေးကြီးဆုံးပဲလေ။ ဘာလို့ စာချုပ်သစ်ချုပ်ဖြစ်တာလဲ မေးကြတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အူလာ (ကလော့ပ်ရဲ့ဇနီး) က လီဗာပူးမှာ ဆက်နေချင်တယ်လေ။ ဒီတော့ ခင်ပွန်းကောင်းတယောက်အနေနဲ့ ခင်ဗျားဇနီးက ဒါမျိုး ဆက်နေချင်ရင် ခင်ဗျားဆိုရင်ရော ဘာလုပ်မှာလဲ။ ဆက်နေမှာပဲလေ”

“ဒါကတော့ တခုတည်းသော အကြောင်းပြချက်မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းပြချက်တွေထဲက တခုပါ။ ဒီအသင်းကို ကျနော်ချစ်တယ်၊ အကောင်းဆုံးနေရာတခုလို့လည်း ခံစားရပါတယ်။ ဒါကို ခင်ဗျားလည်း သိပါတယ်။ ကျနော် အရမ်းအရမ်းကို ကံကောင်းသလို ခံစားရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ကလော့ပ်ဟာ ဒီရာသီမှာ လီဗာပူးကို ဆုဖလားလေးလုံးမျှော်လင့်ခွင့်ရှိအောင် စွမ်းဆောင်ပေးထားတဲ့ နည်းပြလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က