ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက သူ့အနေနဲ့ ဇနီးသည်ဖြစ်သူနဲ့ နှစ်ပတ်လည်နေ့ကို ရောက်ရှိနေသည့်တိုင် ဝုလ်ဗ်စ်နဲ့ ကစားမယ့် အဝေးကွင်းပွဲကိုသာ အာရုံစိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ မနက်ဖြန်ညမှာ ဝုလ်ဗ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲအဖြစ် ရင်ဆိုင်ရမှာပါ။
ပိုချက်တီနိုရဲ့အသင်းဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပြသဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာလည်း ရုန်းကန်နေရတဲ့ အသင်းပါ။ ဒါပေမယ့်လည်း ကာရာဘောင်ဖလားပွဲမှာတော့ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။
ချဲလ်ဆီးဟာ လာမယ့်ရာသီမှာ အနည်းဆုံး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် လိုအပ်နေပြီး ပိုချက်တီနိုအတွက်လည်း ဒါက ကြီးမားတဲ့ ဖိအားအဖြစ် ရှိနေပါတယ်။ အဆိုပါ အာဂျင်တီးနားလူမျိုးနည်းပြကတော့ ဒီအပေါ်မှာ အေးအေးသက်သာ ရှိနေပုံပါပဲ။
ဝုလ်ဗ်နဲ့ ကစားမယ့်ပွဲမတိုင်ခင်မှာ ပိုချက်တီနိုက “မနက်ဖြန်က ကျွန်တော့်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ဟုတ်တာပေါ့။ ဒါပေမယ့် ကျွန်တော် အသင်းနဲ့အတူရှိနေမှာပါ။ သူတို့နဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ပြုလုပ်သွားမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ပွဲကစားဖို့အတွက် ဘာမင်ဂမ်ကို ခရီးထွက်သွားမှာပါ”
“ကျွန်တော့်ဇနီးနဲ့က ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ နှစ်ပတ်လည်နေ့ကို နောက်တစ်ရက်ပြောင်းလိုက်ပါမယ်။ ဒါက အရာအားလုံး အဆင်ပြေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပိုချက်တီနိုဟာ ဒီရာသီမှာ ချဲလ်ဆီးကို အနည်းဆုံး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။