တူဟယ်လ်က ချဲလ်ဆီးကိုကိုင်တွယ်နေချိန်မှာ သူ့မိန်းမနဲ့ကွဲခဲ့သေးတာပါ။

ချဲလ်ဆီးပရိသတ်တွေကတော့ တူဟယ်လ်ကို ထုတ်ပယ်လိုက်တဲ့ အသင်းပိုင်ရှင် တော့ဒ်ဘိုလီရဲ့ ဆုံးဖြတ်ချက်ကို ဒေါသပေါက်ကွဲနေပြီး အခုထက် ပိုမိုအချိန်ပေးသင့်တယ်လို့ ဝေဖန်ပြောကြားနေကြပါတယ်။ မနေ့ညက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ပြီးနောက် တူဟယ်လ်ကို ချဲလ်ဆီးတို့ ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။



တူဟယ်လ်ဟာ ချဲလ်ဆီးအတွက် ချန်ပီယံလိဂ်ဖလားကို အချိန်တိုအတွင်း ရယူပေးနိုင်ခဲ့ပေမယ့် အသင်းကို ကိုင်တွယ်ချိန်က စုစုပေါင်း လပေါင်း (၂၀) သာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တူဟယ်လ်က အသင်းအပေါ် အရေးယူပိတ်ဆို့မှုတွေကျရောက်နေချိန်မှာတောင် မားမားမတ်မတ် ရပ်တည်ပြီး အသင်းကို ထိန်းကျောင်းနိုင်ခဲ့တာကြောင့် ပရိသတ်တွေက ချီးကျူးလေးစားခဲ့ရပါတယ်။

ဒါပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် (၆) ပွဲကစားပြီးချိန်မှာ အသင်းက အဆင့် (၆) မှာသာ ရပ်တည်နေပြီး ဒိုင်နမိုဇာဂရက်ကို ချန်ပီယံလိဂ်အဝေးကွင်းမှာရှုံးနိမ့်ခဲ့တဲ့နောက် တူဟယ်လ်တယောက် အခုလိုပဲ အထုတ်ခံခဲ့ရတာပါ။ တူဟယ်လ် အထုတ်ခံရတဲ့အပေါ် ပရိသတ်တွေက “ဒါက တကယ်ကို ရူးသွပ်မှုတခုပါပဲ။ သူလိုချင်တဲ့ ကစားသမားတွေကို ပေါင်သန်း (၃၀၀) ကျော်ပေးခေါ်တာက သူ့ကို ထုတ်ပစ်ဖို့လား”

“တူဟယ်လ်က ချန်ပီယံလိဂ်ဖလားယူပေးခဲ့တယ်၊ အရေးယူပိတ်ဆို့မှုတွေကြားထဲမှာ အသင်းကို ထိန်းကျောင်းပေးခဲ့တယ်၊ အသင်းအတွက် တတ်နိုင်သလောက် အာရုံစိုက်ရင်း သူ့မိန်းမနဲ့ ကွဲခဲ့ရတယ်၊ အဲ့ဒါတောင် အခု ထုတ်လိုက်တယ်တဲ့လား၊ ငါတို့ ချဲလ်ဆီးက ဟာသအသင်းဖြစ်နေပြီ” လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် တော့ဒ်ဘိုလီနဲ့ ပတ်သက်လို့လည်း ပရိသတ်တွေက “တော့ဒ်ဘိုလီက အေဘရာမိုဗစ်ချ်ထက်တောင် အညှာအတာ ပိုကင်းမဲ့ပြီး အန္တရာယ်များပါသေးတယ်။ ပိုင်ရှင်အသစ်သာ ပြောင်းသွားပေမယ့် အသင်းက ဘာအပြောင်းအလဲမှမရှိပါဘူး” လို့ မှတ်ချက်ပြုဝေဖန်နေကြပါတယ်။ တော့ဒ်ဘိုလီဟာ သူအသင်းကို ဝယ်ယူပြီး (၃) လဝန်းကျင်မှာပဲ အခုလိုပဲ သူ့လက်ထက် ပထမဆုံးနည်းပြထုတ်ပယ်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က