တိုနီကရူးစ်က ရယ်ရယ်မောမောနဲ့ပဲ ပြောကြားသွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်က သူ့အနေနဲ့ ကစားသမားဘဝကို နောက်ထပ်တစ်နှစ် ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့တာက မိန်းမကြောင့်ဖြစ်ကြောင်းနဲ့ သူ့ကို ကျေးဇူးတင်ကြောင်း နောက်ပြောင် ပြောကြားလာခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင် ကွင်းလယ်လူဟောင်းကြီးဟာ ဒီနွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ် ချုပ်ဆိုခဲ့ပါတယ်။



ဒီမတိုင်ခင်မှာ တိုနီကရူးစ်က ကစားသမားဘဝက အနားယူဖို့ သတင်းထွက်ခဲ့ပြီး အခုနွေရာသီမှသာ ဘောလုံး ဆက်ကစားဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ တိုနီကရူးစ်အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အခြားသောအသင်းကို ပြောင်းကစားတော့မှာမဟုတ်ဘဲ အနားယူရင်ယူ ဒါမှမဟုတ် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက်သာ ရွေးချယ်ခဲ့တာပါ။

အခုချိန်မှာတော့ တိုနီကရူးစ်နဲ့အတူ မိုဒရစ်ကလည်း ဆော်ဒီဘက်က ကမ်းလှမ်းမှုတွေရရှိနေသည့်တိုင် နှစ်ယောက်လုံးက ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအပေါ်မှာ တိုနီကရူးစ်က “ကျွန်တော့်မိန်းမလား? သူက ကျွန်တော့်ကို နောက်ထပ်တစ်နှစ် ဘောလုံးဆက်ကစားဖို့ ခွင့်ပြုပေးလိုက်တာပါ။ သူ့ကိုလည်း ကျွန်တော် နည်းနည်းလေးတော့ ကျေးဇူးတင်ပါတယ်”

“သူက ကျွန်တော့်ကို ကိုယ်လုပ်ချင်တာသာလုပ်ဆိုပြီး ပြောခဲ့တာပါ။ ဒါက ကျွန်တော့်ကို နည်းနည်းလေးတော့ အံ့အားသင့်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော့်ကို အိမ်မှာ မကြာခဏရှိနေတာမျိုး မဖြစ်စေချင်လို့ပေါ့” လို့ ရယ်ရယ်မောမောနဲ့ပဲ ပြောကြားသွားခဲ့ပါတယ်။ တိုနီကရူးစ်တို့အတွဲဟာ ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်၊ ဇွန်လမှာ တရားဝင် လက်ထပ်ခဲ့ကြတာပါ။

အဆိုပါကာလဟာ တိုနီကရူးစ် ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိပြီး (၁) နှစ်တာ ကာလအတွင်းဖြစ်ပြီး အခုချိန်အထိ နှစ်ယောက်သား အဆင်ပြေပြေနဲ့ ရှေ့ဆက်ခဲ့ကြတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်မှာ ချူအာမန်နီ၊ ကာမာဗင်ဂါ၊ ဘယ်လင်ဟမ်တို့နဲ့ သွေးသစ်လောင်းဖို့ ပြင်ဆင်ထားပြီး မိုဒရစ်နဲ့ တိုနီကရူးစ်တို့က ဒီကစားသမားတွေကို ဝါရင့်တွေအနေနဲ့ ဆက်လက်တွဲခေါ်ပေးသွားရဦးမှာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က