ကျူးလွန်တဲ့တရားခံအဖွဲ့က အရက်သောက်ထားပြီးတော့ အလှူခံတယ်ဆိုပြီး တစ်ဖက်လူတွေဆီက ပိုက်ဆံတောင်းရာ တစ်ဖက်ကလူတွေက ပိုက်ဆံမပါဘူးပြောတော့ ပါလာတဲ့ ဖုန်းတွေကို လုရင်းကနေ အခုလိုဓားထိုးမှုဖြစ်တာလို့ မကွေးမြို့အမှတ်(၁)ရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူး မျိုးဇော်နိုင်ကပြောပါတယ်။
မကွေးကန်သာကန်ဘောင်နားမှာ မနေ့က စက်တင်ဘာလ(၁၆)ရက်နေ့ ညနေပိုင်းက ကျောင်းသားနှစ်ဦးဓားထိုးခံရပြီး မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံနေရတယ်လို့ မကွေးမြို့ လူမှုကူညီရေးအသင်းမှသိရပါတယ်။ ကျောင်းသား(၂)ဦးမှာ တစ်ဦးက ဒဏ်ရာများပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့တော့ သိရပါတယ်။
photo- မကွေးမြို့ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း
"ကျွန်တော်တို့ သိရတာက ညနေ(၆)နာရီလောက်ကဖြစ်သွားတာ။ သွားရောက်ကူညီတော့ ကျောင်းသားနှစ်ယောက်ဓားနဲ့ထိုးခံထားရတယ်။ ပေါင်တွေကို ထိုးထားတာ ။ တစ်ယောက်က (၄)ချက်လောက်အထိုးခံထားရတယ်၊တစ်ယောက်ကတော့ ပေါင်မှာပဲ တစ်ချက်အထိုးခံထားရတာ။ ဓားနဲ့ထိုးတဲ့အဖွဲ့က အရင်ရန်လာစတာလို့တော့ပြောတာပဲ။ ည(၈)နာရီလောက်မှာလည်း ကမ်းနားလမ်းမှာ ထပ်ပြီးတော့ လူတစ်ယောက်ဓားနဲ့ထိုးခံရလို့ဆိုပြီးသွားရောက်ကူညီရပြန်တယ်။ အဲဒီလူကလည်းပေါင်မှာပဲ အထိုးခံထားရတာ။ ရဲတပ်ဖွဲ့ကတော့ ဓားနဲ့ထိုးတဲ့အဖွဲ့က တစ်ဖွဲ့တည်းလို့တော့ပြောတာပဲ” လို့ မကွေးမြို့ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဌ ကိုအောင်မျိုးနိုင်က Duwun ကိုပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မကွေးမြို့အမှတ်(၁)ရဲစခန်းကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “ ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှု နှစ်မှုလုံးရဲ့ တရားခံတွေက တစ်ဖွဲ့တည်းပဲ။ တရားခံအဖွဲ့က (၄) ယောက်၊ အခု (၂) ယောက်ကို ဖမ်းမိထားတယ်။ စစ်ဆေးချက်အရတော့ ကျူးလွန်တဲ့သူတွေက အခုဓားထိုးခံရတဲ့သူတွေဆီက အလှူခံတယ်ဆိုပြီးပိုက်ဆံတောင်းတာ ။ တစ်ဖက်က ပိုက်ဆံမပါဘူးဆိုတော့ ပါတဲ့ဟာပေးဆိုပြီး ဖုန်းတွေလုရင်းကနေခုလိုဖြစ်ကြတာ။ ကျောင်းသားနှစ်ယောက်ဓားထိုးခံရတဲ့နေရာမှာက ကျောင်းသူနှစ်ယောက်ပါ ပါတယ်။ ကျောင်းသူနှစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး” လို့ မကွေးမြို့အမှတ်(၁)ရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူး မျိုးဇော်နိုင်က ပြောပါတယ်။
photo- မကွေးမြို့ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း
ကျူးလွန်တဲ့တရားခံအဖွဲ့က အရက်သောက်ထားပြီးတော့ ရဲစစ်ဆေးချက်အရ မူးယစ်ဆေးဝါးသုံးစွဲမှုရှိ၊ မရှိကိုလည်း ဆေးစစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တရားခံနှစ်ယောက်ကို ဖမ်းဆီးထားပြီး လွတ်မြောက်နေတဲ့ နှစ်ယောက်ဖမ်းဆီးရမိရေးကိုလည်း တခြားရဲစခန်းတွေနဲ့ ချိတ်ဆက်ကာ မြို့ဝင်မြို့ထွက်ဂိတ်ကိုလည်း သတင်းပို့ထားပြီလို့ ဒုတိယရဲမှူး မျိုးဇော်နိုင်ကပြောပါတယ်။ တရားခံတွေကိုတော့ ပုဒ်မ(၃၈၂)နဲ့ အမှုဖွင့်ထားပြီး ကန်သာကန်ဘောင်နားမှာ ဓားထိုးခံရတဲ့ ကျောင်းသားနှစ်ဦးနဲ့ ကမ်းနားလမ်းမှာ ဓားထိုးခံရတဲ့ လူနာတစ်ဦး တို့ကိုတော့ မကွေးဆေးရုံကို ပို့ဆောင်ထားကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။