အရှေ့ပိုင်းခရိုင်ရုံးက တရားသူကြီးက အမှုကို လက်ခံလိုက်ပါပြီ။

သရုပ်ဆောင် မင်းရာဇာရဲ့ အမှုကို မေလ (၂၂) ရက်နေ့မှာ စတင် စစ်ဆေးတော့မယ့် အကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။  

အိမ်အကူအမျိုးသမီးငယ်ကို နှိပ်စက်မှုဖြင့် တရားရင်ဆိုင်နေရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့(မေလ ၈) ရက်နေ့ မနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရမန်ယူလိုက်တယ်လို့ သိရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မီဒီယာ အင်တာဗျူးတွေမှာ အခုလို ဖြေဆိုခဲ့ပါတယ်။ 



“ တာမွေရဲစခန်းကနေပြီးတော့ မင်းရာဇာကို ရာဇဝတ်ကြီးမှု အမှတ် ၁၇၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ တိုင်တန်းသူ တရားလို ဒေါ်သင်းသင်းနိုင် အမှုမှာ ပထမဆုံး ရုံးတင် တရားစွဲဆိုပါတယ်။ အဲဒါကို အရှေ့ပိုင်းခရိုင် တရားရုံးက ဒုခရိုင်(၈) တရားသူကြီးကနေ အမှုလက်ခံလိုက်ပါတယ်။ အမှုမှာ ထူးခြားတာက သတင်းစာ ဆရာတွေရဲ့ ကျေးဇူးကြောင့် ပြည့်ပြည့်စုံစုံ ဖြစ်ပါတယ်။ သက်သေခံကားရော၊ ကား Owner စာအုပ်ရော အကုန်လုံးကို အမိအရ သက်သေခံတင်ပါတယ်။ အမှုကိုတော့ မေလ ၂၂ ရက်နေ့(သောကြာ) မှာ စတင်စစ်ဆေးမယ်လို့ ရုံးတော်က သတ်မှတ်လိုက်ပါတယ်” လို့ သူက ဆိုပါတယ်။ 

ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ စစ်ဆေးတဲ့ အမှုဟာ မင်းရာဇာ တစ်ယောက်တည်းနဲ့သာ သက်ဆိုင်တဲ့ အတွက် အခုလို ဆောင်ရွက်ရခြင်းဖြစ်တယ်လို့လည်း ဦးရောဘတ်စန်းအောင်က မေလ ၈ ရက်နေ့ မနက်ပိုင်းက ရုံးချိန်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ 

“ မင်းရာဇာနဲ့ သက်ဆိုင်တာဖြစ်လို့ မင်းရာဇာ တစ်ယောက်တည်းကို အမှု စွဲတင်တာ ဖြစ်ပါတယ်။ သက်သေတွေကတော့ အများကြီးပဲ။ ရှာဖွေသက်သေ၊ တရားလို၊ ဆရာဝန်ရော၊ အမှုစစ်ရောဆိုရင် (၁၀) ယောက်လောက်တော့ ရှိမယ်။ ဒီအမှုတွေက CNP နဲ့ စစ်မှာဆိုတော့ မြန်မှာပါ။ တရားသူကြီးကလည်း အမျိုးသား တရားသူကြီးပါ။ ခရိုင်ဥပဒေရုံးကို ရာဇဝတ်ကျင့်ထုံးမှု ဥပဒေ ပုဒ်မ (၄၉၃) အရ ပူးတွဲလိုက်ပါ ဆောင်ရွက်ဖို့ လျှောက်ထားတဲ့ အခါမှာ ၅ မိနစ်၊ ၁၀ မိနစ်အတွင်း အားလုံးပြည့်စုံအောင် လုပ်ပေးပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

မေလ(၇) ရက်နေ့ မြောက်ဥက္ကလာပ တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာတော့ မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူ ဦးမောင်မောင်အေးက ပုဒ်မ ၃၂၅ နဲ့ အာမခံပေးလို့ ရတဲ့ အနေအထားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံမှ သိရသည်။ မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူ ဦးမောင်မောင်အေးကိုတော့ ဧပြီလ (၄) ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး မင်းရာဇာနဲ့ အတူ မဖူးငုံပွင့်နဲ့ အောင်လွင်စိုး(ခ) ရခိုင်လေးတို့ကို ဧပြီလ (၁၀)ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က