ဧပြီလ ၂၇ ရက်နေ့မနက် ၈ နာရီခန့်က မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မန္တလေးမြို့တွင် ယနေ့မနက်ပိုင်းက လောင်ကျွမ်းခဲ့တဲ့ မီးကို Level 4 အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရတာဖြစ်ပြီး အိမ်ခြေ ၄၃ လုံး မီးလောင်ကျွမ်းခဲ့ကာ လူဦးရေ ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေး ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက် ဦးပွားဂုံးတံတားတောင်ဘက် ရန်ကုန်-မန္တလေးမီးရထားလမ်းအရှေ့ဘက်ကပ်လျက် အကွက်အမှတ် ၈၅၃ မှာ ဒီကနေ့ (၂၀၁၉ ဧပြီလ ၂၇ ရက်) မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာမှာ အိမ်ခြေ ၄၃ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၃၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။



ဒီမီးလောင်ကျွမ်းမှုဟာ မနက် ၈နာရီအချိန်ခန့်ကစတင်ခဲ့တာလို့သိရပြီး Level 4 အဆင့်နဲ့မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ မနက် ၈နာရီ ၃၀မိနစ်အချိန်ခန့်မှာမီးငြိမ်းခဲ့ကြောင်း၊ပေ၂၀ ပေ၃၀ မြေစိုက်ထရံကာနှစ်ထပ် နေအိမ်အတွင်း ထမင်းပေါင်းအိုးနဲ့သွယ်တန်းထားတဲ့ ပလပ်ခုံအပူလွန်ကဲတာကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနက ကနဦးသတင်းထုတ်ပြန်ထားပါတယ်။

"လောလောဆယ်တော့ ၄၃အိမ်ပါသွားတယ်ပေါ့ဗျာ၊ အိမ်ခြေများတော့ ခုထိစာရင်းကောက်နေတုန်းပါ၊ လူဦးရေကသုံးရာကျော်မယ်၊ သူတို့ကို အခုကယ်ဆယ်ရေးစခန်းဖွင့်ပေးထားတယ်" လို့ မီးလောင်ပြင်မှာရောက်ရှိနေတဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိန်က Duwun ကို ပြောပါတယ်။


Photo - မီးသတင်းများစုစည်းရာ FB

ဒီမီးလောင်မှုကို မီးတပ်တပ်ဖွဲ့ သန္ဓေနဲ့အရန် ၄၀၀ကျော်၊ မီးသတ်ကားစီးရေ ၁၀၀ကျော်နဲ့ မီးငြိမ်းသတ်ခဲ့ရတာဖြစ်ပြီး မီးလောင်မှုကြောင့် လူအသေအပျောက်တော့မရှိဘူးလို့သိရပါတယ်။

Duwun မန္တလေးသတင်းထောက်ရဲ့ မနက် ၁၁ နာရီခွဲ သတင်းပေးပို့မှုအရ မီး ငြှိမ်းသတ်နေရဆဲဖြစ်ပြီး မီးထထတောက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ သတင်းရရှိထားပါတယ်။

နန္ဒ(မန္တလေး)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က