မန္တလေးမြို့မှာ ဒီနေ့မနက်ပိုင်းက ပြည်သူ့ဟစ်တိုင်ကွင်းအတွင်း စုရပ်လုပ်ပြီး အလုပ်သမားအခွင့်အရေးသွားရောက်တောင်းဆိုကြမယ့် အလုပ်သမားတွေကို ဒေသအာဏာပိုင်တွေ ခွင့်ပြုချက်မပေးခဲ့ပါဘူး။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ အလုပ်သမားဝန်ကြီး ထားရှိခန့်ထားပေးဖို့ အပါအဝင် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ့ဝန်ထမ်းတွေကိုလည်း အလုပ်သမားအငြင်းပွားမှုဥပဒေမှာ ထည့်သွင်းပေးရေး၊ အလုပ်သမားတရားရုံးတွေပေါ်ပေါက်ရေး၊ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး၊ အလုပ်သမားတိုင်း ဥပဒေအကာအကွယ်ရရှိရေး အစရှိတဲ့အလုပ်သမားအခွင့်အရေးတွေကို အစိုးရနဲ့လွှတ်တော်က အာရုံစိုက်ဖြေရှင်းပေးနိုင်ဖို့ ဆန္ဒဖော်ထုတ်တောင်းဆိုကြတာလို့သိရပြီး အလုပ်သမားအင်အားတစ်ထောင်ခန့် ပါဝင်ပါတယ်။
ဒီနေ့ဆန္ဒဖော်ထုတ်ကြမယ့်အစီအစဉ်အတွက် သတ်မှတ်ချက်နဲ့အညီ ခွင့်ပြုချက်စာတင်အကြောင်းကြားခဲ့ ပေမယ့်လည်း အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူးလို့ ခွင့်ပြုမိန့်တင်ခဲ့တဲ့ ဦးနေလင်းအောင်က Duwun ကိုပြောပါတယ်။
အလုပ်သမားတွေဟာ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် MICS TUSF အထက်မြန်မာပြည်ရုံးချုပ်ကနေ ချမ်းမြသာစည်မြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်တို့ကိုဖြတ်ကျော်ဝင်ရောက်ကာ ပြည်သူ့ဟစ်တိုင်ကွင်းအတွင်း သွားရောက်ဆန္ဒဖော်ထုတ်ကြဖို့ စီစဉ်ခဲ့ကြတာဖြစ်ပြီး မဟာအောင်မြေမြို့နယ်အဝင် ၆၂လမ်း နဲ့ သိပ္ပံလမ်းစုံမီးပွိုင့်အနီးမှာ တားဆီးခံခဲ့ရတာပါ။
အာဏာပိုင်တွေဘက်ကတော့ အခုလိုတားဆီးရတာဟာ ဒေသန္တရစည်းမျဉ်းဥပဒေအရဖြစ်တာရယ် လက်ရှိမှာလည်း ပြည်သူ့ဟစ်တိုင်ကွင်းမှာ ဈေးရောင်းပွဲ ကျင်းပနေချိန်ဖြစ်တာရယ်ကြောင့် ခွင့်မပြုခဲ့တာပါလို့ ပြောပါတယ်။
တားမြစ်ခံရတဲ့အလုပ်သမားတွေဟာ လမ်းခုလပ်မှာပဲ ဟောပြောပွဲနဲ့တစ်ကွ အလုပ်သမားအခွင့်အရေးတောင်းဆိုမှုတွေ လုပ်ခဲ့ကြပြီး ငြိမ်းချမ်းစွာနဲ့လူစုခွဲသွားကြပါတယ်။