ဧပြီလတုန်းကလည်း အစိုးရက (၁၅၀)ယူနစ်လျှော့ချပေးခဲ့ပါသေးတယ်။

မေလအတွက် မီတာခတွေကို (၁၅၀)ယူနစ်အထိ လျှော့ချပေးမည်ဖြစ်ကြောင်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဒီကနေ့ မေလ(၂၅)ရက်နေ့ ညပိုင်းမှာ ပြည်သူတွေကို အသိပေးကြေညာခဲ့ပါတယ်။ 

မီတာခတွေကို မေလ (၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ (၇၅)ယူနစ် ကင်းလွတ်ခွင့်ပြုကြောင်းကို ကနဦး ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပေမယ့် မေလ(၁၆)ရက်ကနေ (၃၁)ရက်အထိ ၇၅ယူနစ် ထပ်မံလျှော့ချပေးခဲ့လို့ မေလအတွက် စုစုပေါင်း ၁၅၀ယူနစ်အထိလျှော့ချပေးတာဖြစ်ပါတယ်။ 



COVID - 19 ဖြစ်ပွားစဉ်ကာလအတွင်းမှာ အစိုးရက ပြည်သူတွေအတွက် မီတာခတွေကို နှစ်လဆက်တိုက် လျှော့ချပေးခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလတစ်လလုံးစာအတွက်ကိုလည်း (၁၅၀)ယူနစ်လျှော့ချပေးခဲ့သလို ယခုမေလအတွက်ကိုလည်း (၁၅၀)ယူနစ်ထပ်မံလျှော့ချပေးခဲ့တာဖြစ်ပါတယ်။ 

“ မေလအတွက် မီတာ ယူနစ်(၁၅၀)လျှော့ပေးတယ်ဆိုတာ မှန်ကန်ပါတယ်။ ဝန်ကြီးဌာနကလည်းတရားဝင်ထုတ်ပြန်တဲ့သတင်းပါ။ အဓိက ကတော့ အခုလိုအချိန်မှာ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ထပ်လျှော့ပေးတဲ့သဘောပါပဲ” လို့ YESC Call Center မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။ 

အခုထပ်မံလျှော့ပေးတဲ့ ယူနစ် (၁၅၀)က ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ၊ အိမ်သုံးအမျိုးအစားလျှပ်စစ်မီတာသုံးစွဲသူတွေသာ ခံစားခွင့်ရရှိမှာပါ။ အခုလိုမီတာခကင်းလွတ်ခွင့်ပြုတဲ့ထဲမှာတော့ သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းတွေမပါဝင်ပါဘူး။ 

မေလအတွက် မီတာခ (၁၅၀)ယူနစ်ကို အခမဲ့သုံးစွဲခွင့်ခွင့်ပြုထားရာမှာ အိမ်သုံးအမျိုးအစားတွေအနေနဲ့ လျှပ်စစ်မီတာသုံးစွဲမှုများမှ (၁၅၀)ယူနစ်အထက် သုံးစွဲမှုများကို အလွှာလိုက် သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က