COVID 19 ဖြစ်ပွားစဉ်ကာလမှာ အစိုးရက မီတာခတွေကို မေလ (၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ (၇၅)ယူနစ် ထပ်မံကင်းလွတ်ခွင့်ပေးသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အခုကင်းလွတ်ခွင့်ပြုတဲ့ (၇၅)ယူနစ်က ပြည်သူများ၊ဘာသာရေးအဖွဲ့အစည်းများနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ၊ အိမ်သုံးအမျိုးအစားလျှပ်စစ်မီတာသုံးစွဲမှုတွေကို ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့်ပြုတာဖြစ်တယ်လို့သိရပါတယ်။
အစိုးရအနေနဲ့ ဧပြီအတွက် မီတာခတွေကိုလည်း ယူနစ်(၁၅၀)အထိ ကင်းလွတ်ခွင့်ပြုထားခဲ့ပြီး ဒါက ဒုတိယအကြိမ်မြောက် မီတာခ ကင်းလွတ်ခွင့်ပြုခဲ့တာပါ။ အခုလိုမီတာခ ကင်းလွတ်ခွင့်ပြုခဲ့တဲ့ထဲမှာတော့ သံရုံများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းတွေမပါဝင်ခဲ့ပါဘူး။ မေလအတွက် မီတာခကင်းလွတ်ခွင့် (၇၅)ယူနစ်ထိ ခွင့်ပြုထားရာမှာ အိမ်သုံးအမျိုးအစားတွေအနေနဲ့ လျှပ်စစ်မီတာသုံးစွဲမှုများမှ (၇၆)ယူနစ်အထက် သုံးစွဲမှုများကို အလွှာလိုက် သတ်မှတ်နှုန်းထားများအတိုင်းပေးဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
COVID 19 ဖြစ်ပွားစဉ်ကာလအတွင်းမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေအတွက် အခုလို မီတာခယူနစ်တွေကို အခမဲ့သုံးစွဲခွင့်ပြုခဲ့သလို ပြည်သူတွေအနေနဲ့ ရုံးတွေမှာ မီတာခပေးဆောင်ရာမှာလည်း လူစုလူဝေးဖြစ်မှာစိုးရိမ်တာကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ သက်ဆိုင်ရာ မြို့နယ်အလိုက် ကားတွေနဲ့လှည့်ပတ်ပြီး မီတာခတွေကောက်ခံပေးလျှက်ရှိပါတယ်။