ကျုံးဘေးပလက်ဖောင်းပေါ် အရက်ထိုင်သောက်ကြတဲ့လူငယ်တွေကို လှည့်ကင်းရဲတပ်ဖွဲ့ကဖမ်းဆီးအမှုဖွင့်ပြီး တရားရုံးကထောင်ဒဏ် ၇ ရက်ဆီပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ နယ်မြေ အပိုင်ရဲစခန်းဆီကသိရပါတယ်။
Photo - အောင်မြေသာစံအမှတ်(၁)ရဲစခန်း
"ည ၁၁ နာရီခွဲလောက်မှာ သူတို့ကအရက်ထိုင်သောက်နေကြတယ်၊ ခရိုင်ရဲမှူးနဲ့ကျွန်တော်တို့အမှတ်(၁)ကလှည့်ကင်းနဲ့လှည့်စစ်ဆေးနေချိန်မှာတွေ့လို့ တစ်ခါထဲဖမ်းခေါ်သွားပြီး နောက်ရက်ချက်ချင်းပဲရုံးတင်တာပါ။ ရုံးက ထောင်ဒဏ် ၇ ရက်စီချလိုက်တယ် လို့ နယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့ မန္တလေး အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်းမှစခန်း မှူးရဲအုပ်ကမ်အောင်မြင့်က Duwun ကိုပြောပါတယ်။
မေလ ၂ ရက်နေ့ည ၁၁ နာရီခွဲအချိန်ခန့်က ကျုံးအရှေ့ဘက်ခြမ်းပလက်ဖောင်းပေါ် ၆၆ လမ်း၊ ၁၄ လမ်း နဲ့ ၁၅ လမ်းကြားမှာ လူငယ် ၆ ဦးပါတဲ့အဖွဲ့၊ ၆၆ လမ်း၊ ၁၅ လမ်း နဲ့ ၁၆ လမ်းကြားမှာ လူငယ် ၃ ဦးပါတဲ့အဖွဲ့တို့ဟာ အုပ်စုဖွဲ့အရက်သေစာသောက်စားမူးယစ်နေစဉ် တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ လူငယ် ၆ ဦးအဖွဲ့ကို (ပ)၂၂၉/၂၀၁၉၊ ရဲအက်ဥပဒေပုဒ်မ ၄၇ နဲ့လည်းကောင်း၊ ၃ ဦးအဖွဲ့ကို (ပ)၂၂၈/၂၀၁၉၊ ရဲအက်ဥပဒေပုဒ်မ ၄၇ နဲ့လည်းကောင်းအသီးသီးအမှုဖွင့်ကာ နောက်တစ်နေ့မှာပဲ အောင်မြေသာစံမြို့နယ်တရားရုံးဆီတရားစွဲတင်ပို့ကြောင်း၊ တရားရုံးက ထောင်ဒဏ် ၇ ရက်စီချမှတ်ကာ မန္တလေးဗဟိုအကျဉ်းထောင်ဆီပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။
"မနေ့ကလည်း ည ၁၁ နာရီကျော်လောက်မှာ နှစ်ယောက်ထပ်ဖမ်းမိတယ်၊ ပူးပေါင်းလှည့်ကင်းအဖွဲ့ကဖမ်းတာပါ၊ သူတို့က ခုံတန်းပေါ်မှာဘီယာထိုင်သောက်နေတာပါ။"သူတို့ကိုလည်း တရားစွဲတင်ပို့မှာပါ လို့လည်း စခန်းမှူးကပြောပါတယ်။
ကျုံးဘေးပလက်ဖောင်းပေါ် အရက်သေစာသောက်စားမူးယစ်ကြသူတွေကိုတွေ့ရှိတဲ့အခါမှာ အများသူငါသွားလာရာလမ်းပေါ်မှာ အများပြည်သူအဆင်မပြေအောင် အရက်သေစာသောက်စားပြုလုပ်မှုနဲ့ ဖမ်းဆီးအမှုဖွင့်ထောင်ချသွားမှာပဲဖြစ်တယ်လို့သိရပါတယ်။
နန္ဒ (မန္တလေး)