ဇူလိုင် ၁ ရက်စတင်ကောက်ခံခဲ့တာပါ။

နိုင်ငံခြားခရီးသွားတစ်ဦးကို ဝင်ကြေးအနေနဲ့  မြန်မာကျပ်ငွေ ငါးထောင်ကို ဇူလိုင်လ ၁ ရက်နေ့က စတင်ကောက်ခံခဲ့ပြီး တစ်ရက်ကို ပျမ်းမျှ နိုင်ငံခြားခရီးသွားဦးရေ (၅၀၀) ကျော် ဝင်ရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

ဝင်ကြေး ငါးထောင်စတင် ကောက်ခံခဲ့တဲ့ ဇူလိုင်လ ၁ ရက်ကနေ့ အောက်တိုဘာ ၁၇ ရက်အထိ နိုင်ငံခြားသား ခြောက်သောင်းကျော်ဝင်ရောက်ခဲ့တယ်လို့ မန္တလေးမဟာမြတ်မုနိဘုရားကြီးရဲ့ ဂေါပကအဖွဲ့က ပြောပါတယ်။

“ အရင်ကလည်း Forienger အဝင်စာရင်းကောက်ယူတာမျိုးရှိပါတယ်၊ အခုကျတော့စနစ်တကျဖြစ်သွားတာပါ၊ တစ်ရက်ကိုဘယ်နှယောက်ဝင်တယ်ဆိုတာ စာရင်းအတိအကျရသွားတာပေါ့” လို့ ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ဝင်ကြေးကောက်ခံနိုင်ဖို့ ဘုရားကြီးရဲ့ မြောက်ဘက်မှာ နိုင်ငံခြားခရီးသွားတွေအတွက် သီးသန့် ဆောင်ရွက်ပေးတဲ့ Tourist Information Center တစ်ခုဖွင့်ထားပြီး နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှု ပေးထားတယ်လို့လည်း သိရပါတယ်။
“ သန့်ရှင်းသပ်ရပ်တဲ့နိုင်ငံတကာအဆင့်မီ Aircom နားနေခန်းတစ်ခုထဲမှာ နိုင်ငံတကာ အဆင့်မီ သန့်စင်ခန်းပါမယ်။ ပစ္စည်းတွေကိုသော့ခတ်သိမ်းထားလို့ ရတယ်။ နောက်ပြီးတော့ တစ်ရှူးနဲ့ စနိုးတာဝါပေးတယ်။ အင်္ဂလိပ်လို၊ တရုတ်လိုရေးထားတဲ့ ဘုရားကြီးလမ်းညွှန်စာစောင်လည်းဝေပေးတယ်။ ကားထားတဲ့ နေရာကအစ စနစ်တကျပြင်ဆင်ပေးထားတာပါ” လို့လည်း ဂေါပကတာဝန်ရှိသူကပြောပါတယ်။

မဟာမြတ်မုနိဘုရားကြီးမှာ နိုင်ငံခြားခရီးသွားတစ်ဦးကို ဝင်ကြေးငါးထောင်ကျပ်နှုန်းစတင်ကောက်ခံခဲ့တဲ့ ဇူလိုင်လမှာ နိုင်ငံခြားခရီးသွား ၁၆၃၄၈ ဦး၊ သြဂုတ်လမှာ ၁၉၀၂၀ ဦးနဲ့ စက်တင်ဘာလမှာ ၁၄၇၃၆ ဦး စုစုပေါင်း ၅၀၁၀၄ ဦးဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

ဝင်ကြေးကောက်ခံရရှိလာတဲ့ငွေကြေးတွေကို ဘုရားကြီးဘက်စုံမွမ်းမံပြင်ဆင်ရေးအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ဂေါပကအဖွဲ့ကနေသိရပါတယ်။

မဟာမြတ်မုနိဘုရားကြီးသို့ဝင်ရောက်တဲ့ နိုင်ငံခြားခရီးသွားတွေကို တစ်ဦးကို ဝင်ကြေးငါးထောင်နှုန်း ကောက်ခံသွားဖို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ရဲ့ခွင့်ပြုချက်နဲ့ ဘုရားကြီးဂေါပကအဖွဲ့က ဆောင်ရွက်ခဲ့တာပါ။

Share

Loading Next Article...
က္က