မန္တလေးမြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အိုးပုတ်ပွဲတော်ကို လာမယ့်သြဂုတ်လ (၈) ရက်နေ့ ( မြန်မာပြက္ခဒိန်ရဲ့ဝါခေါင်လဆန်း ၈ ရက်) မှာ ကျင်းပသွားမှာလို့သိရပါတယ်။
"အိုးပုတ်ပွဲအချိန်က ရပ်ကွက်ဘုရားပွဲပါ၊ အိုးပုတ်ပွဲစည်ကားလာရတာက ရောင်စုံအိုးပုတ်ကလေးတွေကို ဒီဇိုင်းမျိုးစုံနဲ့ လုပ်ရောင်းလာတာရယ် တစ်နှစ်ထက်တစ်နှစ် လူသိလာတာရယ်ကြောင့်လည်းပါမယ်ထင်တယ်။ အိုးပုတ်ပွဲရဲ့ နောက်ထပ်အမှတ်အသားတစ်ခုကတော့ ကျောက်ခက်ပန်းလေးတွေပါပဲ" လို့ အိုးဘိုရပ်ကွက်နေသူဦးလှသောင်းကပြောပါတယ်။
"အရင်ကတော့ အိုးပုတ်ခိုးပွဲလို့လည်းခေါ်ကြတာပေါ့၊ တောင်ပြုန်းပွဲသွားရောင်းမယ့်အိုးသည်တွေက ဒီမှာ တစ်ထောက်နားကြတယ်၊ ကစားစရာအိုးပုတ်ကလေးတွေ လာ ဝယ်ကြသူတွေက အပျော်သဘောမျိုး အပိုယူသွားကြတာမျိုးလည်းရှိတယ် ရောင်းသူကလည်း စိတ်မဆိုးပါဘူး အဲဒီလိုနဲ့ ဒီလိုရက်ရောက်ပြီဆိုရင် အိုးပုတ်ခိုးပွဲသွားကြမယ်ဆိုတာကနေ နောက်တော့ အိုးပုတ်ပွဲတော်ကြီး ဖြစ်သွားတာပါ။ အိုးပုတ်ပွဲက တစ်ရက်ထဲကျင်းပတာပါ" လို့ မန္တလေး အမရပူရမြို့နယ်မှ အိုးပုတ်သည်ဒေါ်သန်းမြင့်ကပြောပါတယ်။
တစ်နှစ်မှာတစ်ခါ တစ်ရက်တည်းကျင်းပတဲ့ မန္တလေး အိုးဘိုရပ်က အိုးပုတ်ပွဲတော်( ခေါ် )အိုးပုတ်ခိုးပွဲတော်ကြီးက လာမယ့်သြဂုတ်လ ၈ ရက်နေ့မှာ မနက်ပိုင်းကစလို့ စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မှာပါ။