တရားခံက သေနတ်ဒဏ်ရာကြောင့် မန္တလေးဆေးရုံမှာ သေဆုံးခဲ့ပြီး လက်ရှိမှာတော့ တရားခံကို သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်။
မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက ဓားကိုင်သောင်းကျန်းသူတစ်ဦး လမ်းသွားလမ်းလာတွေကိုဓားရှည်နဲ့တိုက်ခိုက်ရန်ပြုလို့ ရဲတပ်ဖွဲ့ကသေနတ်နဲ့ခြောက်လှန့်ပစ်ခတ်ရာမှ ဓားကိုင်သောင်းကျန်းသူသေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မန္တလေး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် ၆၆ လမ်း နဲ့ ၁၄ လမ်းထောင့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားကိုင်သောင်းကျန်းသူဟာ အရိုးအ သွား ၂၆ လက်မခန့်ရှိတဲ့ဓားရှည်တစ်ချောင်းကိုင်ဆောင်ပြီး လမ်းသွားလမ်းလာတွေကိုအကြောင်းမဲ့လိုက်ခုတ်နေလို့ ရဲတပ်ဖွဲ့က သတိပေးခြောက်လှန့်ပစ်ခတ်ရင်း ကျည်ဆံနှစ်ချက် ထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ နယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့ အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်းက ရဲအုပ်ကမ်အောင်မြင့်ကို Duwun က ဆက်သွယ်မေးမြန်းတဲ့အခါမှာ “ အမျိုးသားတစ်ဦး ဓားရှည်ကိုင်ဆောင်ကာ လမ်းသွားလမ်းလာတွေကို လိုက်ခုတ်ရန်ပြု နေတယ်လို့ သတင်းအရ နယ်မြေလှည့်ကင်းတ ာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးတဲ့အခါ တရားခံက ပြန်လည်ခုခံတာကြောင့် သေနတ်နဲ့ပစ်ဖမ်းခဲ့ရတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့သေဆုံုးသူတရားခံကို သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၉ နဲ့ရေးဖွင့်ထားပြီး ဆက်လက် စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေတယ် “လို့ ပြောပါတယ်။
Credit -Thein Tun Aung
သတင်းအရ နယ်မြေလှည့်ကင်း တာဝန်ထမ်းဆောင်နေတဲ့ အမှတ်(၁)နယ်မြေရဲစခန်းမှ ဒုရဲအုပ်အောင်ကျော်မျိုးနဲ့အဖွဲ့ဟာ သက်သေတွေနဲ့အတူသွားရောက်ဖမ်းဆီးရာမှာ အဆိုပါအမျိုးသားက အရိုး ၇ လက်မ အသွား ၁၉ လက်မခန့်ရှိတဲ့ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုင်ဆောင်ကာ လမ်းသွားလမ်းလာတွေကို ရန်ပြုတိုက်ခိုက်နေတာကို တွေ့ရ ကြောင်း၊ ၎င်းအား ဓားချပြီးအဖမ်းခံဖို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့်လည်း နာခံမှုမရှိဘဲ ရဲဝန်ထမ်းတွေကို ဆက်လက်ရန်ပြုနေတာကြောင့် သေနတ်နဲ့ပစ်တော့မယ်လို့ သတိပေးခဲ့ပါတယ်။
သို့သော် အဆိုပါ ဓားကိုင်အမျိုးသားက ဆက်လက် ရန်ပြုတိုက်ခိုက်နေတာကြောင့် ဒုရဲအုပ်အောင်ကျော်မျိုးမှ ၃၈ ဗို့ ခြောက်လုံးပြူးသေနတ်နဲ့ ၁ ချက်ပစ်ခတ်ခဲ့ရာ ယာခြေမျက်စိအထက် ထိမှန်ခဲ့ကြောင်း၊ ဓားကိုင်သောင်းကျန်းသူဟာ သေနတ်ထိမှှန်ခဲ့ပေမယ့်လည်း ဆက်လက် ရန်ပြုတိုက်ခိုက်ပြန်တာကြောင့် သေနတ်နဲ့ထပ်ပစ်ခဲ့တာပါ။ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဝဲလက်မှ ဝမ်းဗိုက်သို့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းအား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးနေစဉ် မနက် ၄ နာရီခွဲအချိန်ခန့်မှာပဲ သေဆုံးသွားကြောင်း ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။