မန္တလေးမြို့ ၆၆ လမ်းကျုံးဘေးပလက်ဖောင်းကို ထိုင်းနိိုင်ငံမှ မှာယူတဲ့အပင်တွေနဲ့ အလှဆင်သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
photo - Ye Lwin
အဆိုပါ ကျုံးဘေးပလက်ဖောင်းမှာ ပုဏ္ဏရိပ်ပင်တွေ စိုက်ပျိုးနေမှုက ၁၉ လမ်းအထိ ပြီးစီးနေပြီဖြစ်ပြီး အဖြူရောင်၊ အဝါရောင်၊ ပန်းရောင်နဲ့ အနီရောင် ပန်းပင်တန်း ၄ တန်း စိုက်ပျိုးအလှဆင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Flower Box မှာစိုက်မယ့် စိန်ပန်းပင်၊ သပြေ၊ ငုပင်(လုံးပတ် ၁၅ )ပေအမြင့် အပင်တွေကို ထိုင်းနိုင်ငံကနေ သယ်ယူလာနေပြီလို့လည်း သူက ရေးသားထားပါတယ်။
“၂ယောက်ထိုင်ထိုင်ခုံတွေလည်း ချထားပေးထားပါတယ်။လူကြီးတွေ အနားယူနိုင်တာပေါ့။ ပြည်သူတွေစည်းကမ်းရှိဖို့ပဲ လိုပါတယ်။” လို့ ဒေါက်တာရဲလွင်က လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ အရင်ကထက်စာရင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးနေတဲ့ လူတစ်စုကလွဲလို့ မြို့သူမြို့သားတွေ စည်းကမ်းပိုလိုက်နာတာကိုတွေ့ရတယ်လို့လည်း သူက ပြောပါတယ်။
အဲ့ဒီလျှောက်လမ်းမှာ CCTV တွေတပ်ဆင်ပြီး စောင့်ကြည့်မှာဖြစ်သလို စည်ပင်ရဲနဲ့လည်း စည်းကမ်းထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ လျှောက်လမ်းမှာ မီးတိုင်တွေကိုလည်း တပ်ဆင်မှာဖြစ်ပြီးတော့ အဲ့ဒီမီးတိုင်တွေ မှာယူထားတာကလည်း ရောက်ရှိလာတော့မယ့်အကြောင်းနဲ့ သင်္ကြန်မတိုင်ခင်မှာ လမ်းကို အပြီးသတ်ဆောင်ရွက်မယ်လို့ မြို့တော်ဝန်က ပြောထားပါတယ်။
မန္တလေးတိုင်းအစိုးရရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ခရိုင်နဲ့မြို့နယ်အလိုက် သတင်းတွေကို အများဆုံးဖော်ပြလေ့ရှိပြီးတော့ Post တွေအများဆုံးတင်တာကိုတွေ့ရတယ်လို့ မတ်လအတွင်းက Social Media Development Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။