နေအိမ်အတွင်းမှာ အကြောင်းမဲ့ မီးထတောက်တယ်ဆိုတဲ့ ကိစ္စက မဖြစ်နိုင်သလို ဒေသခံလူထုကြားမှာ အံ့သြစရာ ဖြစ်ရပ်တစ်ခုလည်း ဖြစ်နေပါတယ်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှာ အကြောင်းမဲ့ မီးထတောက်မှုဖြစ်စဉ် ဖြစ်ပွားလျှက်ရှိနေတယ်လို့ သိရပါတယ်။ ဧပြီလ (၁၈)ရက်နေ့နံနက် (၉း၃၀)အချိန်လောက်ကတည်းက စတင်ဖြစ်ပေါ်နေတာဖြစ်ပြီး နေအိမ်အတွင်းမှာ ဧပြီလ(၁၈)ရက်နေ့က မီးစွဲလောင်မှု(၁၂)ကြိမ်ခန့်၊ ဒီကနေ့ ဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းမှာလည်း မီးစွဲလောင်မှု (၅)ကြိမ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“ဖြစ်တာက မနေ့က မနက်ကတည်းက ဖြစ်တာပေါ့၊ အဲဒီ လူရှိတဲ့နေရာအနီးမှာပဲ မီးထတောက်တာပါ၊ အခုတော့ မတောက်တော့ပါဘူး၊ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေရော မီးသတ်တွေရော ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကရော မီးသတ်ကားနဲ့စောင့်ကြပ်နေပါတယ်၊ သူတို့ကတော့ လောကီအစီအရင်တွေ ဘာတွေလည်း လုပ်နေကြတာပေါ့၊ အခုလက်ရှိအခြေအနေကတော့ မီးထတောက်တာမျိုးတော့ မရှိတော့ပါဘူး” လို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက Duwun ကို ပြောပါတယ်။
ဖြစ်စဉ်မှာ အဆိုပါအိမ်မှာ နေထိုင်သူ ဦးသိန်းဆွေက ဧပြီလ (၁၈) ရက်နေ့ နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်မှ နေအိမ်သို့ပြန်ရောက်ချိန်မှာ ဦးသိန်းဆွေက ညှော်နံ့များရရှိသဖြင့် အိမ်တွင်းလှည့်လည်ကြည့်ရှုရာ နေအိမ်မျက်နှာချက်မှာ မီးစွဲလောင်နေတာကိုတွေ့ရပြီး မီးငြှိမ်းသတ်ခဲ့ပါတယ်။ အဲဒီနောက်မှာလည်း အိမ်သူအိမ်သားများက မီးကို စနစ်တကျ ကိုင်တွယ်သုံးစွဲ စောင့်ကြည့်နေချိန်မှာပဲ ညှော်နံ့ ထပ်မံရခဲ့ပြီးနောက် နေအိမ်ရှိ အဝတ်အထည်၊ မွေ့ယာ၊ စားပွဲခင်းများ မီးစွဲလောင်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ပုဏ္ဏကတိုက်တယ်ဆိုပြီး ထင်မြင်ယူဆချက်တွေလည်းရှိတဲ့အတွက် လောကီအစီအရင်များလည်း ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
နန္ဒ(မန္တလေး)