အောက်တိုဘာလမှာ စတင်မှာပါ။

ခွေးတွေမွေးရာမှာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်ဖို့ ၊ ခွေးလေခွေးလွင့်တွေနဲ့ အိမ်မွေးခွေးတွေကို ခွဲခြားသတ်မှတ်နိုင်ဖို့အတွက် မန္တလေးမြို့က အိမ်မွေးခွေးတွေကို မှတ်ပုံတင်တဲ့လုပ်ငန်းဆောင်ရွက်မယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

မန္တလေးမြို့ စည်ပင်နယ်နိမိတ်အတွင်း မြို့နယ်တွေက အိမ်မွေးခွေးတွေကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးရုံးတွေမှာ မှတ်ပုံတင်ရမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ဆန်းမြင့်က Duwun ကိုပြောပါတယ်။

စည်ပင်သာယာကနေ ခွေးတစ်ကောင်ကို ၅၀၀၀ ကျပ်နှုန်းနဲ့ မှတ်ပုံတင်ပေးမှာဖြစ်ပြီး  ခွေးနဲ့ ပတ်သက်တဲ့မှတ်ပုံတင်မှတ်တမ်းစာအုပ်၊ မှတ်ပုံတင်ကဒ်၊ MDY City တံဆိပ်ပါရှိပြီး ခွေးရဲ့ ဓာတ်ပုံပါရှိတဲ့ သတ္တုဆွဲပြားတစ်ခုကို ပေးမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်ထားတဲ့ ခွေးတွေက အပြင်ထွက်မည်ဆိုပါက သတ္တုဆွဲပြားကို လည်ပင်းမှာ ချိတ်ဆွဲထားရမှာဖြစ်ပြီး ခွေးပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့ ခွေးကိုက်တယ်တယ်ဆိုပါက ပါးစပ်ကို အုပ်ပေးထားရမှာဖြစ်သလို လမ်းပေါ်မှာ ခွေးက မစင်စွန့်တယ်ဆိုရင် ခွေးပိုင်ရှင် (ဒါမှမဟုတ်) ခွေးထိန်းကျောင်းသူကတာဝန်ယူဖြေရှင်းပေးရမယ်လို့ ဆိုပါတယ်။

“ အိမ်မွေးခွေးချစ်လို့ မွေးတဲ့သူတွေအနေနဲ့ ကိုယ့်ခွေးကို စနစ်တကျမှတ်ပုံတင်၊ကာကွယ်ဆေး တွေထိုးပေးမယ်ဆိုရင် ခွေးအတွက်၊ ခွေးပိုင်ရှင်အတွက် ၊ ပတ်ဝန်းကျင်အတွက်လည်း အန္တရာယ်နည်းပါးသွားမှာပါ။ အဆင့်ရှိရှိလေး ဖြစ်စေချင်ပါတယ်” လို့ ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

မှတ်ပုံတင်ခြင်းအစီအစဉ်ကို လာမယ့်အောက်တိုဘာလမှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး မှတ်ပုံတင်ထားခြင်းမရှိဘဲ အိမ်မှာ ခွေးမွေးထားရင် ဒဏ်ငွေသုံးသောင်းကျပ်ကနေ အရေးယူတဲ့အထိ လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

မန္တလေးမြို့မှာ ခွေးလေခွေးလွင့်ကောင်ရေ ၁ သိန်း ခန့် ရှိနေပြီး လက်ရှိမှာ ပြည်သူတွေတိုင်ကြားမှုရှိလာရင် စည်ပင်ကနေ လိုက်လံရှင်းလင်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ခွေးဂေဟာတည်ဆောက်ဖို့ မြေနေရာတွေလည်းစီစဉ်နေပြီး ခွေးလေခွေးလွင့်အန္တရာယ်ကာကွယ်ဖို့နဲ့ လျှော့ချဖို့ကိုလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ စီမံချက်တစ်ခုရေးဆွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က