တရုတ်လူမျိုး ကမ္ဘာလှည့်ခရီးသည်နှစ်ဦးနဲ့ ဒိုင်ဗင်နည်းပြတို့ သေဆုံးခဲ့ပါတယ်။

မလေးရှားမှာ ဖောက်ခွဲရေးပစ္စည်းသုံးပြီး ငါးဖမ်းရာမှ လူသုံးဦး သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး Semporna ရေပြင်မှာ စစ်ဆင်ရေးအသွင် ဆောင်ရွက်ခဲ့ပြီး လူ ၁၀ ဦးကို ဖမ်းဆီးကာ ငါးဖမ်းစက်လှေ ၉၅ စီးကို ရှာဖွေစစ်ဆေးခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က အင်္ဂါနေ့ (ဇူလိုင် ၉ ရက်) မှာ ပြောပါတယ်။

(သေဆုံးခဲ့သည့် တရုတ် ကမ္ဘာလှည့်ခရီးသည်နှစ်ဦး) (Photo: The Star)



ပြီးခဲ့တဲ့ သောကြာနေ့ (ဇူလိုင် ၅ ရက်) က ဆာဘားပြည်နယ် Semporna ရေပြင်မှာ ငါးဖမ်းရန် ချထားခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲမှုကြောင့် တရုတ်လူမျိုး ကမ္ဘာလှည့်ခရီးသည်နှစ်ဦးနဲ့ ဒေသခံ ရေငုပ်နည်းပြ Zainal Abdun တို့ သေဆုံးခဲ့ပါတယ်။ တရုတ် ကမ္ဘာလှည့်ခရီးသည်နှစ်ဦးရဲ့ အမည်များမှာ Zhao Zeng နဲ့ Xu Yingjie တို့ ဖြစ်ကြတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် မလေးရှား ရေကြောင်းရဲတပ်ဖွဲ့က ဆာဘားပြည်နယ်အရှေ့ပိုင်း ရေပြင်တစ်လျှောက်နဲ့ Kunak, Lahad Datu ဒေသတွေမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

(ဆာဘားပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ Omar Mammah) (Photo: Bernama)

"အထောက်အထား စာရွက်စာတမ်းမရှိတဲ့ လူ ၁၀ ယောက်ကို ဖမ်းထားတယ်၊ သူတို့ကို နောက်ထပ် စစ်ဆေးဖို့အတွက် Semporna ခရိုင် ရဲတပ်ဖွဲ့ကို လွှဲပေးလိုက်ပါတယ်၊ သူတို့ဟာ ဖောက်ခွဲရေးပစ္စည်းသုံးပြီး ငါးဖမ်းရာမှာ ပါဝင်လုပ်ဆောင်ခဲ့သလားဆိုတာ သိရဖို့တွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးပါပြီ" လို့ ဆာဘားပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ Omar Mammah က အင်္ဂါနေ့ (ဇူလိုင် ၉ ရက်) က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေးအတွက် အကူအညီပေးရန် စက်လှေသမားတစ်ဦးနဲ့ ၎င်းရဲ့အကူဖြစ်သူကို အစောပိုင်းမှာ ထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။ တရုတ်ကမ္ဘာလှည့်ခရီးသည်နှစ်ဦးနဲ့ ရေငုပ်နည်းပြတို့ သေဆုံးမှုဟာ မျက်မြင်သက်သေတွေ မရှိခဲ့ပေမဲ့လည်း ငါးဖမ်းရန်အတွက် ရေထဲမှာချထားခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲမှုကြောင့်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကောက်ချက်ချထားပါတယ်။

(ရေငုပ်နည်းပြ Zainal Abdun) (Photo: Cahaya Sari Puspa/Facebook)

အခင်းဖြစ်ပွားခဲ့တဲ့နေရာ ရေမျက်နှာပြင်ပေါ်မှာ ရေမြှုပ်များထနေခြင်း၊ ငါးသေများတွေ့ရခြင်း၊ သန္တာကျောက်တန်း ပျက်စီးနေခြင်းနဲ့ သန္တာကျောက်တန်း အပျက်အစီး အပိုင်းအစများကို သေဆုံးသူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာတွေ့ရခြင်းတို့အရ ငါးဖမ်းရန်သုံးတဲ့ ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် လူသေဆုံးမှုဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချခဲ့တာ ဖြစ်တယ်လို့ Bernama သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က