အဲဒီဝန်ကြီးဌာနအတွက် ဝန်ကြီးတစ်ဦးလည်းခန့်အပ်သွားမှာပါ။
နိုင်ငံတော်သမ္မတကတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန(အသစ်)တိုးချဲ့ဖွဲ့စည်းကြဖို့ သဝဏ်လွှာအသီးသီးပေးပို့တာကြောင့် အခုလိုဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထဲမှာ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန(အသစ်)တိုးချဲ့ဖွဲ့စည်းပြီး အဲဒီဝန်ကြီးဌာနအတွက် ဝန်ကြီးတစ်ဦးလည်းခန့်အပ်သွားမှာဖြစ်တယ်လို့ ဒီကနေ့ပြုလုပ်တဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးရဲ့ပထမနေ့အစီအစဉ်အရသိရပါတယ်။

နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန(အသစ်)တိုးချဲ့ဖွဲ့စည်းကြဖို့ သဝဏ်လွှာအသီးသီးပေးပို့တာအပေါ် ဒီကနေ့လွှတ်တော်ကအတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေးအပြီးသတင်းထောက်တွေနဲ့တွေ့ဆုံပြောကြားရမှာ ဒါဟာသမ္မတကအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်နဲ့ ပြည်သူ့အကျိုးအတွက်လိုအပ်နေတဲ့ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းဖို့ သဝဏ်လွှာပေးပို့တာကို လွှတ်တော်မှာအများသဘောတူညီမှုနဲ့အတည်ပြုခဲ့တာပါလို့ပြောသွားပါတယ်။

"အခုဝန်ကြီးဌာနပေါ်လာပြီဆိုရင် ကျွန်တော်တို့က ပြည်သူတွေရဲ့အလုပ်အကိုင်ဖန်တီးမှုတွေကိုပါ အရင်ကထက် ဆောင်ရွက်ပေးနိုင်ပါပြီ၊ နောက်တစ်ခုက မကြာခင်မှာလည်း ရွေးကောက်ပွဲကော်မရှင်က သန်းခေါင်စာရင်းကောက်ဖို့လုပ်နေတာတွေရှိတယ်၊ နိုင်ငံသားရပိုင်ခွင့်တွေရဖို့အတွက် ဒီဝန်ကြီးဌာနတိုးချဲ့ဖွဲ့စည်းတာပါ" လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။

ဝန်ကြီးဌာနတစ်ခု အသစ်ထပ်တိုးချဲ့ဖို့က အခြေခံဥပဒေပုဒ်မ ၂၄၈ (ဂ) အရ နိုင်ငံတော်သမ္မတက လွှတ်တော်တွေဆီ အကြောင်းကြားလို့ရကြောင်းနဲ့ လွှတ်တော်ရဲ့သဘောထားအတည်ပြုချက်ရယူဆောင်ရွက်ရမှာဖြစ်ကြောင်းသိရပါတယ်။

အပြီးသတ်ဖွဲ့စည်းမှုကို ဒီလထဲမှာပဲဆက်လက်ဆောင်ရွက်သွားမှာလို့သိရပြီး ဘယ်လိုပုဂ္ဂိုလ်မျိုးကို ခန့်ထားမယ်ဆိုတဲ့ Duwun Media ရဲ့မေးခွန်းနဲ့ပတ်သက်လို့တော့ "အုပ်ချုပ်ရေးပိုင်းမှာအတွေ့အကြုံရှိတဲ့သူတွေဖြစ်စေချင်တယ် လွှတ်တော်အမတ်တွေလည်းဦးစားပေးအဆင့်ရွေးပြီး သမ္မတရုံးတင်ပေးသွားမယ်၊ ကျွန်တော်တို့မန္တလေးတိုင်းအတွက်ကျွန်တော်တို့တိုင်ပင်တင်ပြသွားပါမယ်" လို့ ဝန်ကြီးချုပ်ကဖြေကြားပေးသွားပါတယ်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ လက်ရှိဝန်ကြီးဌာန (၇ )ခုရှိထားပါတယ်။

Share

Loading Next Article...
က္က