မန္တလေးတက္ကသိုလ်မှာ အကဝါသနာပါတဲ့ ကျောင်းသားကျောင်းသူတွေအတွက် K-pop၊ Hip-Hop စတဲ့ နိုင်ငံတကာအကတွေသင်ကြားနိုင်ဖို့ Dance Club သင်တန်းဖွင့်လှစ်သွားမယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။
အဆိုပါ Dance Club ဖွင့်လှစ်နိုင်ဖို့ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ထံကို ခွင့်ပြုချက်ရယူထားပြီး လာမယ့်ကျောင်းဖွင့်ရာသီမှာ ဖွင့်လှစ်သွားမယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ မယမင်းသူက အောက်တိုဘာ ၂ ရက်နေ့မှာ Duwun မီဒီယာကို ပြောပါတယ်။
“Dance Club ကကျောင်းသားတွေအတွက် အကသင်ပေးတဲ့နေရာ၊ အကလေ့ကျင့်တဲ့နေရာတစ်ခုအဖြစ်လုပ်မှာပါ။ လောလောဆယ် စီစဉ်နေတာက International Dance ပါ။ ဥပမာ K-pop တို့ Hip Hop တို့လို အကမျိုးတွေ သင်ပေးမှာပါ။ “ လို့ မယမင်းသူက ပြောပါတယ်။
မန္တလေးတက္ကသိုလ်
မန္တလေးတက္ကသိုလ်မှာ ကျောင်းသားကျောင်းသူအများစုက အကဝါသနာပါကြပြီး ပြင်ပက အကသင်တန်းတွေ ဈေးကြီးပေးရတာကြောင့် အခုလို တက္ကသိုလ်တွင်းမှာဖွင့်လှစ်ပြီး လစဉ်ကြေး၊ အဖွဲ့ဝင်ကြေးသာ ကောက်ခံပြီး အကဆရာ ဌားရမ်းသင်ကြားပေးသွားမယ်လို့လည်း သိရပါတယ်။
မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက Dance Club ဖွင့်ဖို့ လိုအပ်တာတွေကူညီထောက်ပံပေးနိုင်ဖို့ ပါမောက္ခချုပ်ထံတင်ပြထားတဲ့ စာကို လူမှုကွန်ရက်မှာတင်ထားပြီး လူမှုကွန်ရက်သုံးစွဲသူအချို့က Dance Club ဖွင့်လှစ်တဲ့အပေါ် ဝေဖန်နေကြသူတွေလည်း ရှိနေပါတယ်။