ကျောက်တုံးတွေကို ဘက်ဟိုးယာဉ်တွေနဲ့ဖယ်ရှားပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

တောင်ပြိုကျောက်တုံးတွေကို ဘက်ဟိုးယာဉ်တွေနဲ့ ဖယ်ရှားပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာက ဂျပန်လျှိုကျောက်ထုတ်လုပ်ရေးစခန်းမှာ ဒီနေ့ (မေလ ၂၆ ရက်) မနက် ၈ နာရီခွဲအချိန်ခန့်က ကျောက်တောင်ပြိုကျမှုကြောင့် လူနှစ်ဦးသေဆုံးပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကာ ပိမိနေသူများရှိသေးတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်ကြောင်း နယ်မြေရဲတပ်ဖွဲ့ထံမှ သတင်းရရှိပါတယ်။


“နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရပါတယ်၊ အားလုံးကို မန္တလေးဆေးရုံကြီးဆီပို့ထားလိုက်ပါပြီ၊ ပျောက်နေတဲ့လူရှိတယ်ဆိုလို့ ဆက်လက်ရှာဖွေမှုတွေ လုပ်နေပါတယ်" လို့ လတ်တလော သိရတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီး အုုန်းချောနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။ တောင်ပြိုကျောက်တုံးတွေကို ဘက်ဟိုးယာဉ်တွေနဲ့ဖယ်ရှားပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့လည်း ၎င်းကပြောပါတယ်။

ကနဦး သတင်းတွေအရ လုပ်ငန်းခွင်မှာ ထော်လာဂျီယာဉ်နဲ့ ကျောက်တွေတင်နေစဉ် တုန်ခါမှုတစ်ခုကြောင့် ကျောက်တောင်ပေါ်ကနေ ကျောက်အလွှာတွေ ပြိုကျခဲ့တာဖြစ်ကြောင်း၊ တောင်အောက်က ကျောက်ထုတ်လုပ်ရေး အလုပ်သမားတွေ ကျောက်တုံးပိခဲ့တာဖြစ်ကြောင်း၊ ယခုဖြစ်စဉ်ကြောင့် ကိုကိုမောင်နဲ့အောင်မျိုးဟိန်းတို့နှစ်ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ အမည်မသိ လူနှစ်ဦးကတော့ ဒဏ်ရာပြင်းစွာရထားလို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို တင်ပို့ထားကြောင်းသိရပါတယ်။ လက်ရှိအခြေအနေမှာ ထော်လာဂျီတစ်စီးနဲ့ လူနှစ်ဦးပိမိနေတောကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း ရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က