သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ ထင်ရှားကျော်ကြားတဲ့ နိုက်ကလပ်တစ်ခု အပြင်ဘက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ အခြားသုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
ယနေ့ (ဧပြီ ၁၄ ရက်) မနက် ၃ နာရီ ၂၀ မိနစ် ဝန်ကျင်းက မဲလ်ဘုန်းမြို့ အရှေ့တောင်ဘက် Pragran ဆင်ခြေဖုံးဒေသရှိ နိုက်ကလပ်တစ်ခု အပြင်ဘက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် နိုက်ကလပ် လုံခြုံရေးဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရခဲ့သူတွေအနက် အမျိုးသားတစ်ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သြစတြေးလျရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မဲလ်ဘုန်းမှာ သေနတ်ဖြင့် အကြမ်းဖက်မှုများ မြင့်တက်ဖြစ်ပွားနေခဲ့ပြီး ယခု ပစ်ခတ်မှုဟာ ဖျော်ဖြေရေးနေရာများနဲ့ စည်ကားနေလေ့ရှိကြောင်း သိရပါတယ်။ လုံခြုံရေးဝန်ထမ်းသုံးဦးနဲ့ အမျိုးသားတစ်ဦး နိုက်ကလပ် ဝင်ပေါက်နေရာမှာရှိနေစဉ် ကားတစ်စီးပေါ်ကနေ ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။
(ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် လုံခြုံရေးဝန်ထမ်း) (Photo: @brandilmelb/Twitter)
သေနတ်ပစ်ခတ်မှု ထိမှန်သွားခဲ့သူ လေးဦးလုံးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လုံခြုံရေးတစ်ဦးကတော့ သေဆုံးသွားခဲ့ကြောင်းနဲ့ နောက်ထပ် အမျိုးသားတစ်ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ အခြား လူနှစ်ဦးကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ဆိုပါတယ်။
"နိုက်ကလပ် အပြင်ဘက်မှာရပ်နေသူတွေကို ကားတစ်စီးပေါ်ကနေ ပစ်ခတ်သွားပုံရပါတယ်၊ အတော်ဆိုးတဲ့ လုပ်ရပ်ပါပဲ၊ လူစည်ကားတဲ့ နိုက်ကလပ်ပါ၊ ဒီ နိုက်ကလပ်က မဲလ်ဘုန်းမှာရှိတဲ့ နိုက်ကလပ်တွေထဲက အဓိကတစ်ခုလည်း ဖြစ်ပါတယ်၊ မဲလ်ဘုန်းမှာ သီးသန့်သတ်မှတ်ထားတဲ့ အဓိက ဖျော်ဖြေရေးနေရာတွေထဲက နေရာတစ်ခုမှာ ဖွင့်လှစ်ထားတာပါ" လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
(Photo: news.com.au)
သေဆုံးခဲ့သူဟာ နီးကပ်တဲ့နေရာကနေ ပစ်ခတ်ခံရပြီး ကြောက်မက်ဖွယ်ရာ သေနတ်ဒဏ်ရာများရခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်ဒဏ်ရာများ ပြင်းထန်စွာရခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် လုံခြုံရေးဝန်ထမ်းကို ဆေးရုံသို့ပို့ဆောင်ခဲ့ပေမဲ့ မကြာမီမှာပဲ သေဆုံးသွားခဲ့ပါတယ်။ Age သတင်းစာက ပြောကြားမှုအရ နိုက်ကလပ် လုံခြုံရေးဝန်ထမ်းတစ်ဦးဟာ မျက်နှာကို ပစ်ခတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။
ယခုဖြစ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်မှုမရှိဘူးလို့ ရဲတပ်ဖွဲ့ပြောခွင့်ရ အမျိုးသမီးက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Love Machine နိုက်ကလပ်အပြင်ဘက် ဝင်ပေါက်နေရာအနီးမှ သွေးစွန်းနေတဲ့ အဝတ်အထည်များနဲ့ ကျည်ဆန်ခွံများကို စုံစမ်းစစ်ဆေးသူတွေက ယနေ့ မနက်အစောပိုင်းမှာ သိမ်းဆည်းနေတာ တွေ့ခဲ့ရပါတယ်။
(Photo: Reuters)
ယခု ပစ်ခတ်မှုနဲ့ဆက်စပ်နိုင်ပြီး မီးလောင်ကျွမ်းထားတဲ့ အနက်ရောင် Porsche SUV ကားတစ်စီးကို မဲလ်ဘုန်းမြို့ ဆင်ခြေဖုံး Wollert အရပ်ဒေသမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးမှုမရှိသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
Source: AFP/Reuters/Age