မလေးရှားနိုင်ငံက တန်ချိန် ၃,၀၀၀ အထိရှိတဲ့ ပလတ်စတစ်အမှိုက်တွေကို ၎င်းတို့ရဲ့ မူလနိုင်ငံများသို့ ပြန်ပို့သွားမယ်လို့ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးက ယနေ့ (မေ ၂၈ ရက်) ပြောကြားလိုက်ပါတယ်။
(Photo: AFP)
ပလတ်စတစ်အမှိုက်တွေကို နိုင်ငံအတွင်း တရားမဝင် တင်သွင်းခဲ့သူတွေကိုလည်း သစ္စာဖောက်တွေဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောခဲ့ပါတယ်။ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် တင်သွင်းခဲ့တဲ့ ပလတ်စတစ်အမှိုက် ကုန်သေတ္တာ အလုံး ၆၀ ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့သွားမယ်လို့ စွမ်းအင်း၊ သိပ္ပံ၊ နည်းပညာ၊ ပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး Yeo Bee Yin က ပြောပါတယ်။
"ဒီကုန်သေတ္တာတွေကို နိုင်ငံအတွင်း မမှန်ကန်တဲ့ စာရွက်စာတမ်းတွေသုံးပြီး တရားမဝင် တင်သွင်းခဲ့ကြတယ်၊ ဒါက ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေကို အထင်အရှား ချိုးဖောက်တာပဲ" လို့ Port Klang ဆိပ်ကမ်းမှာ ကုန်သေတ္တာတွေကို စစ်ဆေးကြည့်ရှုပြီးနောက် ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
(Photo: Vincent Thian/AP)
ယခုကိစ္စအတွက် အမှိုက်ကုန်သေတ္တာတွေ တင်ပို့သူတွေနဲ့ မလေးရှာမှာရှိတဲ့ ၎င်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေမှာ တာဝန်ရှိတယ်လို့လည်း ဝန်ကြီး Yeo Bee In က ဆိုပါတယ်။ "ကုန်သေတ္တာအားလုံးမှာ ပြည်တွင်းကနေ လက်ခံရယူမယ့်သူရှိပါတယ်၊ ဒီလိုမှမဟုတ်ရင် သူတို့ ဒီကို တင်ပို့လို့မရနိုင်ပါဘူး၊ ဒါကြောင့် သူတို့ဟာ သစ္စာဖောက်တွေလို့ ကျွန်မ ပြောတာပါ" လို့လည်း ဝန်ကြီးက ဆက်လက်ပြောခဲ့ပါတယ်။
ယခုကိစ္စနဲ့ပတ်သက်ပြီး ပြည်တွင်းကုမ္ပဏီ မည်မျှ ပါဝင်ပတ်သက်နေကြောင်းကို ထုတ်ဖော်မပြောနိုင်သေးဘဲ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း ဝန်ကြီးကဆိုပါတယ်။ သို့သော် ပြစ်မှုကျူးလွန်သူအားလုံးကို ဥပဒေအရ အရေးယူသွားမယ်လို့ Yeo Bee In က ပြောလိုက်ပါတယ်။
(Photo: AFP)
ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်နိုင်ငံက ပလတ်စတစ်အမှိုက်များ တင်သွင်းမှုကို တားမြစ်ပိတ်ပင်လိုက်ပြီးနောက် မလေးရှားဟာ ပလစ်စတစ်အမှိုက်တွေ တင်ပို့ကြတဲ့ အဓိက နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ မလေးရှားမှာ စွန့်ပစ်ပစ္စည်း ပြန်လည်သုံးစွဲမှုဆိုင်ရာ စက်ရုံများ ဒါဇင်နဲ့ချီရှိလာခဲ့ပြီး အများအပြားဟာ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်နေကြကာ အနီးအနားမှာ နေထိုင်ကြသူတွေကလည်း ပတ်ဝန်းကျင်ပြဿနာတွေကြောင့် တိုင်ကြားမှုတွေရှိခဲ့ပါတယ်။
ဖိလစ်ပိုင်နဲ့ကနေဒါကြားက အမှိုက်ပြဿနာ
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာလည်း ကနေဒါနိုင်ငံမှ ကုမ္ပဏီတွေက ပြန်လည်သုံးစွဲလို့မရတဲ့ အမှိုက်များ တင်ပို့စွန့်ပစ်မှုကြောင့် သံတမန်ဆက်ဆံရေး တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ နောက်ဆုံးသိရတဲ့ သတင်းတွေအရ ကနေဒါမှ တင်ပို့ထားတဲ့ အမှိုက်ကုန်သေတ္တာ ၆၉ လုံးကို ပုဂ္ဂိလကပိုင် ကုန်တင်သင်္ဘောများငှားရမ်းပြီး ကနေဒါသို့ပြန်ပို့ရန်နဲ့ လက်မခံပါက ၎င်းတို့ရေပြင်ပိုင်နက်ထဲမှာ ထားရစ်ခဲ့ရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ညွှန်ကြားထားကြောင်း သိရပါတယ်။
(Photo: Bullit Marquez/AP)
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်း ကနေဒါကုမ္ပဏီတစ်ခုက ပြန်လည်သုံးစွဲနိုင်ကြောင်း မမှန်မကန် အမှတ်အသားပြုလုပ်ထားတဲ့ နေအိမ်အသုံးအဆောင် စွန့်ပစ်အမှိုက် သင်္ဘောကုန်သေတ္တာ အလုံး ၁၀၀ ခန့်ကို ဖိလစ်ပိုင်ဆိပ်ကမ်းများသို့ ပို့ဆောင်ခဲ့ပါတယ်။ အဆိုပါ အမှိုက်ကုန်သေတ္တာတွေအနက် အချို့ကိုတော့ ဖျက်ဆီခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာတစ်ဝှမ်းမှ ပလတ်စတစ်အမှိုက်များ
ကမ္ဘာတစ်ဝှမ်းမှ နှစ်စဉ် အမှိုက်တန်ချိန် သန်း ၃၀၀ နီးပါး ထွက်ရှိနေပြီး ထိုပမာဏအနက်မှ ထက်ဝက်ဟာ တစ်ခါသုံးပစ္စည်းတွေ ဖြစ်တယ်လို့သိရပါတယ်။ ပင်လယ်သမုဒ္ဒရာထဲသို့ နှစ်စဉ် ပလတ်စတစ်အမှိုက် တန်ချိန် ၈ သန်းကို စွန့်ပစ်နေကြကြောင်းလည်း သိရပါတယ်။ ထိုပလတ်စတစ်အမှိုက်တွေထဲမှ ရာခိုင်နှုန်းအနည်းငယ်မျှကသာ ပြန်လည်သုံးစွဲနိုင်တဲ့ အခြေအနေရှိနေတာ ဖြစ်ပါတယ်။
ပြန်လည်သုံးစွဲရန် မသင့်တော်တဲ့ ပလတ်စတစ်အမှိုက်တွေကို မီးရှို့ဖျက်ဆီးကြရာမှ အဆိပ်သင့် ဓာတုပစ္စည်းများ လေထုထဲကို ရောက်ရှိစေပါတယ်။ ထိုသို့ မီးရှို့ဖျက်ဆီးခြင်းမပြုဘဲ မြေကြီးထဲကို စွန့်ပစ်ပါကလည်း မြေဆီလွှာနဲ့ ရေအရင်းမြစ်ကို ညစ်ညမ်းစေနိုင်ကြောင်း သိရပါတယ်။
(Photo: AFP)
ပလတ်စတစ်အမှိုက်ကိစ္စကို ကိုင်တွယ်ဆောင်ရွက်ရန်အတွက် ယခုလအတွင်း ကမ္ဘာ့နိုင်ငံ ၁၈၀ ခန့်က ဘေဆယ်သဘောတူညီချက် (Basel Conention) ကို ပြင်ဆင်ပြီး ကမ္ဘာတစ်ဝှမ်း ပလတ်စတစ်အမှိုက် ကုန်သွယ်မှုကို ပိုမို ပွင့်လင်းမြင်သာမှုနဲ့ ပိုမိုကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြပါတယ်။
နိုင်ငံများကြား ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ စွန့်ပစ်ပစ္စည်းများ ရွှေ့ပြောင်းမှုလျှော့ချရေးနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှ ဘးအန္တရာယ်ဖြစ်စေနိုင်တဲ့ စွန့်ပစ်ပစ္စည်းများကို ဖွံဖြိုးမှုနည်းတဲ့ နိုင်ငံများသို့ လွှဲပြောင်းပို့ဆောင်မှုကို ကာကွယ်တားဆီးရန် ရည်ရွယ်တဲ့ ဘေဆယ်သဘောတူညီချက်ကို ၁၉၈၉ ခုနှစ်မှာ ၅၃ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပလတ်စတစ်အမှိုက် အထွက်ရှိဆုံး နိုင်ငံများမှာ ထိပ်ဆုံးကနေ ပါဝင်နေတဲ့ အမေရိကန်ကတော့ အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။
Source: Reuters, Bernama, Wikipedia, basel.int