မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး မိုဟာမက်ဆာဘူးရဲ့ သားဖြစ်သူဟာ ကွာလာလမ်ပူမြို့ရှိ ဖျော်ဖြေရေးနေရာတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုအတွင်း အခြား အမျိုးသားတစ်ဦးနဲ့အတူ မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။
(Photo: Getty Images)
ရဲတပ်ဖွဲ့က ဇန်နဝါရီ ၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ စီးနင်းမှုအတွင်း အသက် ၃၁ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီးရဲ့သားနဲ့ အသက် ၃၃ နှစ်အရွယ် အခြား အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးလုံးကို စစ်ဆေးခဲ့ရာမှာ ဆေးခြောက်သုံးစွဲထားကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီး ဆာဘူးကလည်း ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးကိစ္စ စီးနင်းမှုအတွင်း ၎င်းရဲ့သားဖြစ်သူ ဖမ်းဆီးခံခဲ့ရကြောင်း အတည်ပြုခဲ့ပါတယ်။
"သူ အဖမ်းခံရပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုက ဒီအမှုကိစ္စကို တည်ဆဲဥပဒေတွေအရ အာဏာပိုင်တွေကို ဆောင်ရွက်စေမှာပါ" လို့ Parti Amanah Negara (Amanah) ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ အသက် ၆၄ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ Dang Wangi ရဲဌာနချုပ်မှ အဖွဲ့တစ်ဖွဲ့က ယနေ့ ဒေသစံတော်ချိန် မနက် ၁၂ နာရီ ၃၀ မိနစ်အချိန်မှာ Jalan Ampang မှာရှိတဲ့ ဖျော်ဖြေရေးနေရာတစ်ခုကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
(မလေးရှားကာကွယ်ရေးဝန်ကြီး မိုဟာမက်ဆာဘူး) (Photo: CNA/MediaCorp)
ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုအတွင်း အဆိုပါနေရာရှိ အမျိုးသမီး ၅၅ ဦးနဲ့ အမျိုးသား ၄၆ ဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ကွာလာလမ်ပူမြို့ရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ Zainuddin Yaacob ကလည်း ကာကွယ်ရေးဝန်ကြီးရဲ့သား အပါအဝင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးမှုတွေကို အတည်ပြုခဲ့ပါတယ်။ သို့သော် ဖမ်းဆီးခဲ့သူတွေကို ထိုနေ့ညနေပိုင်းမှာပင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း မလေးရှားအစိုးရ သတင်းဌာန Bernama က ပြောပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆေးခြောက်သုံးစွဲမှုနဲ့ လက်ဝယ်ပိုင်ဆိုင်မှုအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်များ ချမှတ်လေ့ရှိပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းမှာတော့ ဆေးဘက်ဆိုင်ရာအတွက် ဆေးခြောက်သုံးစွဲမှုကို ၂၀၁၈ ခုနှစ် နှစ်ကုန်မှာ တရားဝင် ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။