မလေးရှားနိုင်ငံမှာ နာမည်ကြီးလှတဲ့ Tealive လက်ဖက်ရည်ဆိုင်လုပ်ငန်းက Myanmar Food For Thought (MFFT) ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း လက်ဖက်ရည်ဆိုင်ငါးဆိုင်ကို ယခုနှစ်ကုန်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Tealive Myanmar FB Page
Tealive က ရန်ကုန်မှာ ၎င်းရဲ့ နာမည်ကြီး Bubble Tea လက်ဖက်ရည်ကို စတင်မိတ်ဆက်ခဲ့ပြီးနောက် ယခုနှစ်ကုန်မှာ နောက်ထပ်ဆိုင်တွေ ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဗီယက်နမ်နဲ့ဘရူနိုင်းပြီးပါက Tealive ရဲ့ အာဆီယံဒေသတွင်း တတိယမြောက်ဈေးကွက်လည်း ဖြစ်လာပါတယ်။
"ကျွန်တော်တို့ MFFT အဖွဲ့ကို အပြည့်အဝ ယုံကြည်ပါတယ်၊ သူတို့က မြန်မာမှာ အစားအသောက်နဲ့ပတ်သက်ပြီး ဦးဆောင်နေသူတွေပါ၊ မှတ်တမ်းကောင်းတွေနဲ့ ထုတ်ကုန်အမှတ်တံဆိပ်တွေကို ခြောက်နှစ်ကျော်ကြာ အောင်မြင်အောင်လုပ်ဆောင်ခဲ့သူတွေပါ" လို့ Tealive တည်ထောင်သူနဲ့ Tealive ပင်မကုမ္ပဏီ Loob Holdings Sdn Bhd ရဲ့ အမှုဆောင်အရာရှိချုပ် Bryan Loo က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။
ဓာတ်ပုံ - the star
လက်ရှိမှာ MFFT က မြန်မာနိုင်ငံတစ်ဝှမ်း ဆိုင်ပေါင်း၂၀ ဖွင့်လှစ်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ ဗီယက်နမ်၊ ဘရူနိုင်းနဲ့ ယခုလက်ရှိ မြန်မာနိုင်ငံမှာ အားပေးမှုတွေနဲ့အတူ Tealive အနေနဲ့ ဖိလစ်ပိုင်မှာလည်း မိတ်ဖက်တစ်ဦးနဲ့ ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့တယ်လို့ Bryan Loo က ပြောပါတယ်။ Tealive ဟာ မလေးရှားမှာ အောင်မြင်ကျော်ကြားတဲ့ လက်ဖက်ရည်အမှတ်တံဆိပ်ဖြစ်ပြီး အပတ်စဉ် ဆိုင်သစ်များဖွင့်လှစ်နေရကြောင်းနဲ့ လက်ရှိ နိုင်ငံတစ်ဝှမ်း ဆိုင်ပေါင်း ၃၁၇ ဆိုင် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ Tealive လက်ဖက်ရည်ဆိုင်တွေကို တရုတ်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံတွေမှာလည်း ဖွင့်လှစ်ထားကြောင်း မလေးရှားသတင်းဌာန Bernama က ဖော်ပြထားပါတယ်။