ကူပွန် ၂၀၀ ကို ပေးဝေခဲ့ရာ လူဦးရေ ၁၀၀၀ ကျော်က ရယူရန်တိုးဝှေ့ခဲ့ကြပါတယ်။

မလေးရှားနိုင်ငံမှာ အစားအစာ အခမဲ့စားနိုင်တဲ့ ကူပွန်များရရှိရန် လူအုပ်စုကြီးက တိုးဝှေ့ကြရာမှ သက်ကြီးရွယ်အို အမျိုးသမီးကြီးနှစ်ဦး သေဆုံးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

(အသက်ရှူကြပ်ပြီး လဲကျခဲ့တဲ့ အမျိုးသမီးကြီးနှစ်ဦးကို ကုသပေးနေစဉ်) (Photo: The Star)

ကွာလာလမ်ပူမြို့ Pudu ဒေသရှိ ဈေးရုံတစ်ခုအတွင်းမှာ တနင်္လာနေ့ (ဇန်နဝါရီ ၂၈ ရက်) က အစားအစာ အခမဲ့စားနိုင်မယ့် ကူပွန် ၂၀၀ ကို ပေးဝေခဲ့ရာ လူဦးရေ ၁,၀၀၀ ကျော်ရှိတဲ့ လူအုပ်စုကြီးက လာရောက်တိုးဝှေ့ပြီး ကူပွန်ရယူရန် ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ဈေးရုံရဲ့ လုံခြုံရေးတစ်ဦးက ပြောကြားမှုအရ အော်ဟစ်ဆူညံသံတွေ ကြားခဲ့ရပြီး လူတွေက တစ်ဦးနဲ့တစ်ဦး တွန်းထုတ်နေခဲ့ကြတယ်လို့ သိရပါတယ်။



လူအုပ်စုထဲမှာရှိနေပြီး ကူပွန်ရယူရန် စောင့်ဆိုင်းနေခဲ့ကြတဲ့ အသက် ၇၈ နှစ်အရွယ် Law Ion Nang နဲ့ အသက် ၈၅ နှစ်အရွယ် Ah Poh တို့ဟာ အသက်ရှူကြပ်ပြီး သေဆုံးခဲ့ကြတယ်လို့ ယုံကြည်ရကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

(ကူပွန်ရယူရန် လူအုပ်စုကြီး တိုးဝှေ့မှုဖြစ်ခဲ့သည့် အဆောက်အအုံ) (Photo: ICC)

တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အသက်ကြီးသူတွေကို အစားအစာ အခမဲ့စားနိုင်တဲ့ ကူပွန်များပေးဝေခဲ့ခြင်း ဖြစ်တယ်လို့ Pudu Integrated Commercial Complex ရဲ့ တာဝန်ရှိသူတစ်ဦးက The Star သတင်းဌာနကို ပြောခဲ့ပါတယ်။ ကူပွန်ပေးဝေမှုအတွင်း တိုးဝှေ့ကြရာမှ စုစုပေါင်း လူလေးဦး လဲကျခဲ့ကြတယ်လို့လည်း ၎င်းကဆိုပါတယ်။

အစားအစာ အခမဲ့ကူပွန် ရယူရန်အတွက် ရုံးခန်းအတွင်းသို့ တစ်ကြိမ်လျှင် လူလေးဦးသာ ဝင်ခွင့်ပြုထားကြောင်းလည်း အသက် ၆၂ နှစ်အရွယ် လုံခြုံရေးဝန်ထမ်းက The Star ကို ပြောခဲ့ပါတယ်။

(ကွာလာလမ်ပူမြို့ မြင်ကွင်းတစ်ခု) (Photo: Getty Images)

"ကူပွန်ယူဖို့လာတဲ့ လူတွေက ပြောနေတာလည်း ဂရုမစိုက်ကြဘဲ တစ်ယောက်နဲ့တစ်ယောက် တွန်းနေကြတာပဲ" လို့ အမည်မဖော်တဲ့ လုံခြုံရေးဝန်ထမ်းက ဆိုပါတယ်။ လူအုပ်စုကြီးက တိုးဝှေ့နေကြစဉ်အတွင်း အမျိုးသမီးကြီးနှစ်ဦးဟာ ကြမ်းပြင်မှာလဲကျ သေဆုံးခဲ့တယ်လို့ ရဲအရာရှိ Shaharuddin Abdullah က ဒေသခံမီဒီယာကို ပြောပါတယ်။ အစားအစာ အခမဲ့ကူပွန်ရယူရန် တိုးဝှေ့ခဲ့ကြမှုအတွင်း အခြား သက်ကြီးရွယ်အိုတွေလည်း အသက်ရှူကြပ်မှု ခံစားခဲ့ရကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က