မလေးရှားမှာ မီးဖိုချောင်သုံးဓားပေါ်ကို ချော်လဲကျရာမှ ၂ နှစ်အရွယ် မိန်းကလေးငယ် သေဆုံး

မလေးရှားနိုင်ငံမှာ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ မီးဖိုချောင်သုံး ဓားတစ်ချောင်းပေါ်ကို ချော်လဲကျရာမှ သေဆုံးသွားခဲ့ပါတယ်။

(မီးဖိုချောင်သုံးဓားတစ်လက်) (Photo: Pixabay)

တနင်္ဂနွေနေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) က Perak ပြည်နယ် Kuala Kurau ဒေသရှိ အဆိုပါ မိန်းကလေးငယ်ရဲ့နေအိမ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ခြောက်လက်မနီးပါးရှည်တဲ့ မီးဖိုချောင်သုံးဓားက သူမရဲ့ ဝမ်းဗိုက်ကို ထိုးမိသွားခဲ့တယ်လို့ သိရပါတယ်။ Nur Qhaisara Medina Supian အမည်ရှိ မိန်းကလေးငယ်ဟာ Parit Buntar ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။



ယခု မတော်တဆမှုဟာ မနက် ၉ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့တယ်လို့ မိန်းကလေးငယ်ရဲ့မိခင်ဖြစ်သူ အသက် ၂၇ နှစ်အရွယ် Hana Mazlan က ပြောပါတယ်။ သမီးကြီးဖြစ်သူ မီးဖိုချောင်သုံးဓားပေါ်ကို လဲကျခဲ့စဉ်က Hana Mazlan ဟာ အသက် ၄ လအရွယ် သူမရဲ့ နောက်ကလေးတစ်ဦးကို မီးဖိုချောင်ခန်းအတွင်းမှာပင် ပွေ့ချီချော့သိပ်နေခဲ့တယ်လို့ ဆိုပါတယ်။

(Supian Samsuri က သမီးရဲ့အလောင်းကို ပွေ့ချီယူလာစဉ်) (Photo: Bernama)

"Nur Ahaisara Medina က ကျွန်မကို နို့သောက်ချင်တယ်လို့ ပြောခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက ခဏစောင့်အုံးလို့ သူ့ကို ပြန်ပြောခဲ့ပါတယ်၊ နောက်တော့ သူက မီးဖိုချောင်ခန်းထဲမှာပဲရှိနေတဲ့ သူ့အဘွားဆီကိုသွားခဲ့ရာက ပန်းကန်ပြားတစ်ချပ်ပေါ်ကို မတော်တဆ ချော်လဲကျသွားခဲ့တယ်" လို့ မိခင်ဖြစ်သူက ပြောပါတယ်။

"သူ ရုတ်တရက် လဲကျသွားပြီးတော့ ပန်းကန်ပြားပေါ်မှာထားတဲ့ ဓားနဲ့ သူ့ရဲ့ဗိုက်ကို ထိုးမိသွားခဲ့တယ်၊ အဲဒီဓားက သူ့အကို သရက်သီးခွဲစားတုန်းက သုံးခဲ့တဲ့ ဓားပါ၊ အဲဒီမှာ ဓားရှိနေတယ်ဆိုတာ ကျွန်မလည်း သတိမထားခဲ့ပါဘူးရှင်" လို့ Hana Mazlan က သမီးဖြစ်သူရဲ့ ကံဆိုးလှတဲ့အဖြစ်ကို ဖွင့်ဟပြောခဲ့ရှာပါတယ်။

(Kuala Kurau ဒေသတည်နေရာပြ မြေပုံ) (Map: Google Maps)

ကံဆိုးရှာတဲ့ Nur Qhaisara Medina ရဲ့ အလောင်းကိုတော့ စစ်ဆေးမှုပြုလုပ်ရန် Raja Permaisuri Bainun ဆေးရုံသို့ ပို့ဆောင်းထားတယ်လို့ ဆိုပါတယ်။ Nur Ahaisara Medina ရဲ့ဝမ်းဗိုက်မှာ ထိုးစိုက်ဝင်နေတဲ့ ဓားကို ယောက္ခမဖြစ်သူက ဆွဲထုတ်ခဲ့ပြီးနောက် သတိမေ့သွားခဲ့ကြောင်း Hana Mazlan က ပြောခဲ့ပါတယ်။

"ကျွန်မတို့ Parit Buntar ဆေးရုံကိုမရောက်ခင် ဆေးခန်းတစ်ခုကို အမြန်သွားခဲ့သေးတယ်၊ ဆေးရုံရောက်တော့ သမီးလေး သေဆုံးသွားပြီဆိုတာ သိခဲ့ရပါတယ်" လို့ Hana Mazlan က ဖွင့်ဟခဲ့ပါတယ်။ ကံဆိုးရှာပြီး သေဆုံးသွားတဲ့ မိန်းကလေးငယ်ကို Kampung Teluk Pial Baroh မွတ်စလင်မ်သင်္ချိုင်းမှာ ယနေ့ (ဖေဖေါ်ဝါရီ ၁၈ ရက်) မြှုပ်နှံသွားမယ်လို့ အသက် ၄၂ နှစ်အရွယ် ဖခင်ဖြစ်သူ Supian Samsuri က ပြောကြောင်း မလေးရှားသတင်းဌာန Bernama က ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က