Uber ရဲ့ အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းတွေကို ဝယ်ယူပြီးနောက်ပိုင်းမှာ ဈေးကွက်လက်ဝါးကြီးအုပ်မှု လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့Grab Holdings Inc ကို မလေးရှားဈေးကွက်ပြိုင်ဆိုင်ရေး ကော်မရှင်မှ စုံစမ်းမှုလုပ်နေပါတယ်။
Bloomberg သတင်းမှာ မလေးရှား ဈေးကွက်ပြိုင်ဆိုင်ရေး ကော်မရှင် MyCC ဟာ စင်္ကာပူအခြေစိုက် Grab ရဲ့ ကားအငှားဝန်ဆောင်မှုလုပ်ငန်းနဲ့ ကုန်ပစ္စည်းပို့ဆောင်ရေးနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းနေတယ်လို့ကော်မရှင်ရဲ့ အမှုဆောင်အရာရှိချုပ် Iskandar Ismail ရဲ့ စကားကို ကိုးကားဖော်ပြထားပါတယ်။ MyCC ရဲ့ CEO ကတော့ ဒီစုံစမ်းမှုအကြောင်း အသေးစိတ်အချက်အလက်တွေ မပြောသေးပါဘူး။
MyCC's CEO Iskandar Ismail ( Photo: Yahoo News Singapore)
မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ နှစ်မှာ Grab ကို စုံစမ်းမှု လုပ်ဆောင်နေကြောင်း ပထမဆုံး ကြေညာခဲ့ပါတယ်။ MyCC ရဲ့ စုံစမ်းမှုကတော့ Uber ရဲ့ အရှေ့တောင်အာရှ စီးပွားရေး လုပ်ငန်းတွေကို Grab မှ ဝယ်ယူပြီးနောက် ဈေးကွက်ကို ချယ်လှယ်မှု လုပ်ဆောင်လာတယ်ဆိုတဲ့ တိုင်ကြားချက်တွေကြောင့် လုပ်ဆောင်တာပါ။
Grab ရဲ့ ပြိုင်ဘက် Gojek လုပ်ငန်းစုဟာ မလေးရှား ဆိုင်ကယ်ဈေးကွက်ထဲ ဝင်ရောက်ဖို့စီစဉ်နေသလို ပြီးခဲ့တဲ့ သြဂုတ်လကလည်း ကွာလာလမ်ပူမှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်နဲ့တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ မလေးရှားနိုင်ငံသားတွေရဲ့ နေထိုင်မှု စရိတ်လျှော့ချဖို့လုပ်ဆောင်နေသလို အိတ်ဖွင့်တင်ဒါတွေ ခေါ်ပြီး ဈေးကွက်ပြိုင်ဆိုင်မှုကို အားပေးနေပါတယ်။
Photo: straitstimes
MyCC ရဲ့ စုံစမ်းမှုမှာ Grab အနေနဲ့အပြည့်အဝ ပူးပေါင်းပါဝင်နေပြီး အခုချိန်အထိ ဈေးကွက်ပြိုင်ဆိုင်မှု ဥပဒေတွေကို ချိုးဖောက်ထားတာ မတွေ့ရသေးဘူးလို့ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။ Grab ဟာ ၂၀၁၈ မတ်လထဲမှာ Uber ရဲ့ အရှေ့တောင်အာရှ စီးပွားရေး လုပ်ငန်းတွေ ဝယ်ယူခဲ့တာပါ။
၂၀၁၈ စက်တင်ဘာမှာတော့ Grab နဲ့Uber ကို စင်္ကာပူ ဈေးကွက်ပြိုင်ဆိုင်မှုနဲ့စားသုံးသူရေးရာ ကော်မရှင် CCCS ဟာ Grab ကို စကာၤပူဒေါ်လာ ၆.၄၂ သန်း ၊ Uber ကို စင်္ကာပူဒေါ်လာ ၆.၅၈ သန်း စုစုပေါင်း စင်္ကာပူဒေါ်လာ ၁၃ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။