ဂိမ်းဒိုင်ရဲ့မန်နေဂျာကတော့ ထွက်ပြေးလွတ်မြောက်နေပြီး မန်နေဂျာအပါအဝင် ဖမ်းဆီးမိတဲ့သူတွေအားလုံးကို အမှုဖွင့်အရေးယူစစ်ဆေးပြီး တရားစွဲဆိုသွားမယ်လို့သိရပါတယ်။
ဂိမ်းဒိုင်အတွင်း ဖမ်းဆီးရမိသူများ
မန္တလေး ချမ်းအေးသာစံမြို့နယ်အတွင်းက အင်တာနက်ငါးဂိမ်းလောင်းကစားဒိုင်တစ်ခုကို မန္တလေးရဲတပ်ဖွဲ့က ဇွန်လ(၁၃)ရက်နေ့ကပဲဝင်ရောက်ဖမ်းဆီး လိုက်ပါတယ်။
ချမ်းအေးသာစံမြို့နယ် ၃၂ လမ်းနဲ့ ၇၄ လမ်းထောင့်ကနေအိမ်တစ်ခုမှာ အင်တာနက်ငါးဂိမ်းလောင်းကစားဒိုင် ဖွင့်လှစ်ထားတယ်ဆိုတဲ့
“သတင်းအရ ညနေ ၅ နာရီ ၄၅မိနစ်ခန့်မှာပဲ ပူးပေါင်းအဖွဲ့က သက်သေတွေနဲ့အတူ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးလိုက်တာလို့သိရပြီး အဲဒီမြို့နယ်အပိုင်ရဲစခန်းတာဝန်ရှိသူတွေဟာ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးရဲအကူတပ်ဖွဲ့ခွဲ၊ တိုင်းဒေသကြီးမှုခင်းအကူဌာနစိတ်၊ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်တို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့၊ သက်သေတွေနဲ့အတူ ဝင်ရောက်ရှာဖွေခဲ့တာ” လို့ရဲစခန်းတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
ဒီလိုရှာဖွေခဲ့တာမှာ နေအိမ်အတွင်းမလေးရှားနိုင်ငံသားတစ်ဦးအပါအဝင် လူ ၁၂ ဦးဖမ်းဆီးရမိခဲ့ပြီး မန်နေဂျာဖြစ်သူကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရဲမှတ်တမ်းကဖော်ပြထားပါတယ်။
ဂိမ်းဒိုင်အတွင်းမြင်တွေ့ရစဉ်
အသက် ၃၄ နှစ်အရွယ် မလေးရှားနိုင်ငံသား TAN YEAN ONN အပါအဝင်လူ ၁၂ ဦးကို ငါးဂိမ်းဆော့ဝဲလ်တွေထည့်သွင်းထားတဲ့ ကွန်ပျူတာ၂၂ လုံး၊ Main Server ကွန်ပျူတာတစ်လုံးနဲ့ဆက်စပ်ပစ္စည်းတွေအပြင် ကောင်တာအံဆွဲအတွင်းကနေ မြန်မာငွေ ၆ သိန်းကျပ်၊ ကျောပိုးလွယ်အိတ်နဲ့ထည့်ထားတဲ့ ကျပ် ၉၅ သိန်းကိုလည်း တွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။
ဖမ်းဆီးရမိတဲ့သက်သေခံပစ္စည်းတွေကို သက်သေတွေရှေ့မှာပဲ ရှာဖွေပုံစံနဲ့သိမ်းဆည်းခဲ့ပြီး တရားမဝင်ကွန်ပျူတာဂိမ်းလောင်းကစားသူ ၁၂ ဦးစလုံးရော ထွက်ပြေးလွတ်မြောက်သွားတဲ့ မန်နေဂျာဖြစ်သူကိုပါ ရဲစခန်းက (ပ)၄၃၈/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၇(က)/၁၈(က)နဲ့ အမှုဖွင့်အရေးယူစစ်ဆေးပြီး တရားစွဲဆိုသွားမယ်လို့လည်း အဆိုပါတာဝန်ရှိကပဲပြောပါတယ်။