ထီးနန်းစွန့်သွားတဲ့ ဆူလ်တန်မူဟမ်မက်ဗွီကို ဆိုရှယ်မီဒီယာမှာ စော်ကားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်

မကြာသေးမီက ထီးနန်းစွန့်သွားခဲ့တဲ့ မလေးရှားဘုရင်ဟောင်း ဆူလ်တန်မူဟမ်မက်ဗွီကို ဆိုရှယ်မီဒီယာမှာ စော်ကားပြောဆိုမှုဖြင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း တော်ဝင်မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် မိုဟာမက်ဖူဇီဟာရွှန်က ဇန်နဝါရီ ၉ ရက်မှာ ပြောပါတယ်။ ဆူလ်တန်မူဟမ်မက်ဗွီကို ထီးနန်းစွန့်ခြင်းနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ စော်ကားရေးသားခဲ့ကြတာဖြစ်ပါတယ်။

(မလေးရှားဘုရင်အဖြစ်ကို စွန့်လွှတ်သွားသည့် ဆူလ်တန်မူဟမ်မက်ဗွီ) (Photo: AFP)

သက် ၄၆ နှစ်နဲ့ ၂၇ နှစ်အရွယ် အမျိုးသားနှစ်ဦးနဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို ဇန်နဝါရီ ၈ ရက်မှာ ဖမ်းဆီးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးက ပြောခဲ့ပါတယ်။ ဆူလ်တန်မူဟမ်မက်ဗွီက အွန်လိုင်းမှာ ကောလာဟလများ ပျံ့နှံ့နေခဲ့တဲ့အတိုင်း မလေးရှားဘုရင်အဖြစ်ကို ဇန်နဝါရီ ၆ ရက်မှာ စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။



"ဆိုရှယ်မီဒီယာအကောင့်တွေက ဘုရင်ဟောင်း ဆူလ်တန်မူဟမ်မက်ဗွီကို စော်ကားပြောဆိုနေကြောင်း သတင်းပေးပို့မှု အများအပြား ကျွန်တော်တို့ လက်ခံရရှိခဲ့ပြီးနောက် သူတို့ကို ဖမ်းဆီးခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ စုံစမ်းစစ်ဆေးရေးမှူးက ပြောထားပါတယ်။ Twitter အကောင့် @azhamakhtar, @aliaastaman နဲ့ Eric Liew အမည်ဖြင့် အသုံးပြုနေတဲ့ Facebook အကောင့်ပိုင်ရှင်တို့ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

(Cisco ASEAN က ရေးသားထားသည့် Facebook ပို့စ်) (Image: screenshot Cisco ASEAN's Facebook post)

အဆိုပါ Twitter အကောင့်နှစ်ခုနဲ့ Eric Liew ရဲ့ Faebook ပို့စ်တွေကိုတော့ ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းမှာ ဖယ်ရှားထားပြီး ဖြစ်ပါတယ်။ သို့သော် ၎င်းတို့ရေးသားထားမှုတွေကို screenshot ပြုလုပ်ရယူထားတဲ့ ပုံတွေကိုတော့ ဆက်လက် ဖြန့်ဝေနေကြဆဲဖြစ်ကြောင်း သိရပါတယ်။ မလေးရှားဘုရင်ဟောင်းကို ဆိုရှယ်မီဒီယာမှာ စော်ကားပြောဆိုမှုကြောင့် အဖမ်းခံရတဲ့ Eric Liew ရဲ့ ကုမ္ပဏီ Cisco ASEAN ကတော့ ၎င်းဟာ အလုပ်မှနုတ်ထွက်သွားခဲ့ပြီး ဖြစ်တယ်လို့ Facebook မှာ ရေးသားထားပါတယ်။

United Malay National Organisation (UMNO) လူငယ်အဖွဲ့က ယခုကိစ္စနဲ့ပတ်သက်ပြီး Cisco ASEAN ကို ဆန္ဒပြသွားမယ်လို့ ပြောခဲ့ပါတယ်။ ဘုရင်ဟောင်းကို ဆိုရှယ်မီဒီယာမှာ စော်ကားပြောဆိုမှုအတွက် ဖမ်းဆီးထားသူတွေကို နိုင်ငံတော်အားအကြည်ညိုပျက်စေမှုဖြင့် စုံစမ်းစစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

(ဆူလ်တန်မူဟမ်မက်ဗွီ လက်ထပ်ခဲ့သည့် ရုရှားအလှမယ်) (Photo: RT)

ဆူလ်တန်မူဟမ်မက်ဗွီဟာ ထီးနန်း အရိုက်အရာကို ၂ နှစ်ကြာမျှသာ စိုးစံခဲ့ပြီးနောက် နန်းစွန့်ခဲ့တာဖြစ်ပါတယ်။ မလေးရှားမှာ ပုံမှန်အားဖြင့် ဘုရင်တစ်ပါးဟာ ငါးနှစ်သက်တမ်း ထီးနန်းစိုးစံရပါတယ်။ ၎င်းရဲ့ ထီးနန်းစွန့်မှုဟာ ၁၉၅၇ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း ၆၀ ကျော် မလေးရှားနိုင်ငံ သမိုင်းတစ်လျှောက် ဘုရင်တစ်ပါးက ပထမဆုံးအကြိမ် ထီးနန်းစွန့်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

(Photo: Ezzat Tahir/Twitter, east2west news)

အသက် ၄၉ နှစ်အရွယ် ဆူလ်တန်မူဟမ်မက်ဗွီကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ မလေးရှားရဲ့ ၁၅ ဆက်မြောက် ဘုရင်အဖြစ် တင်မြှောက်ခဲ့ပါတယ်။ မလေးရှားဘုရင် ဆူလ်တန်မူဟမ်မက်ဗွီ ထီးနန်းစွန့်မှုဟာ ရုရှားအလှမယ်ဟောင်းကို လက်ထပ်ခဲ့တာကြောင့်ဖြစ်ကြောင်း အပါအဝင် ကောလာဟလတွေလည်း အွန်လိုင်းမှာပျံ့နှံ့ထွက်ပေါ်ခဲ့ပါတယ်။ မလေးရှားဘုရင် ဆူလ်တန်မူဟမ်မက်ဗွီက အသက် ၂၅ နှစ်အရွယ် မော်စကိုအလှမယ်ဟောင်း Oksana Voevodina နဲ့ ယမန်နှစ် နိုဝင်ဘာ ၂၂ ရက်နေ့က မော်စကိုမြို့မှာ လက်ထပ်ခဲ့ပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က