ဝန်ကြီးချုပ်ဟောင်းရဲ့ဇနီးကို တစ်ညတာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်ရဲ့ ဇနီးဖြစ်သူ ရို့စ်မာမန်ဆာကို ငွေကြေးခဝါချမှုနဲ့ အခွန်တိမ်းရှောင်မှုတို့ အပါအဝင် စုစုပေါင်း စွဲချက် ၁၇ ခုဖြင့် ယနေ့ (အောက်တိုဘာ ၄ ရက်) မနက်ပိုင်းမှာ စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

အောက်တိုဘာ ၄ ရက်နေ့က တရားရုံးကိုရောက်လာသည့် မန်ဆာ (Photo: CNA)





ယခုစွဲချက်များအနက် မလေးရှားရင်းဂစ် ၇ သန်း (အမေရိကန်ဒေါ်လာ ၁.၇ သန်း) ငွေကြေးခဝါချမှုလည်း ပါဝင်ကြောင်း Bernama သတင်းဌာနက ပြောပါတယ်။ အသက် ၆၆ နှစ်အရွယ် မန်ဆာကတော့ ယခုစွဲချက်များအားလုံးကို အပြစ်မရှိကြောင်းဖြင့် ငြင်းဆိုထားပါတယ်။

မန်ဆာကို စွဲချက်တင်လိုက်ခြင်းက ၎င်းရဲ့ခင်ပွန်း ဝန်ကြီးချုပ်ဟောင်းနဂျစ်နဲ့ ပတ်သက်နေတဲ့ အဂတိလိုက်စားမှု အရှုပ်အထွေးကို စုံစမ်းစစ်ဆေးမှုနဲ့လည်း ဆက်စပ်နေပါတယ်။

နဂျစ်ဟာ အစိုးရပိုင်း 1MDB ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရယူခဲ့ကြောင်း စွပ်စွဲခံထားရပြီး ၎င်းကို ငွေကြေးခဝါချမှု၊ အာဏာအလွဲသုံးမှုနဲ့ ယုံကြည်မှုဖောက်ဖျက်မှု အပါအဝင် စွဲချက် ၃၂ ခုဖြင့် စွဲချက်တင်ထားကြောင်း သိရပါတယ်။

နဂျစ်နဲ့ဇနီးမန်ဆာ (Photo: Getty Images)



နဂျစ်ရဲ့ဇနီး မန်ဆာကို မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယမန်နေ့ (အောက်တိုဘာ ၃ ရက်) မှာ ဖမ်းဆီးခဲ့ပြီးနောက် ရုံးချုပ်မှာ တစ်ညတာ ထိန်းသိမ်းထားခဲ့ပါတယ်။ ထို့နောက် မန်ဆာကို ရင်းဂစ် ၂ သန်းဖြင့် အာမခံပေးလိုက်ပါတယ်။

ကနဦးမှာ မန်ဆာအတွက် အာမခံကို ရင်းဂစ် ၁၀ သန်းအဖြစ်သတ်မှတ်ရန် အစိုးရရှေ့နေတွေက စီစဉ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်နဲ့ ဇနီးဖြစ်သူမန်ဆာတို့ နှစ်ဦးလုံးဟာ ယနေ့မှာ ကွာလာလမ်ပူမြို့ရှိ မတူညီတဲ့ တရားရုံးတို့မှာ ကြားနာမှုခံယူခဲ့ရပါတယ်။

မလေးရှားအစိုးရပိုင် 1MDB ကုမ္ပဏီကို နဂျစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ကွာလာလမ်ပူကို ငွေကြေးဈေးကွက်နေရာဖြစ်စေရန်နဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများဖြင့် နိုင်ငံရဲ့စီးပွားရေး တိုးတက်စေရန် ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် 1MDB ရဲ့ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံမှ အချို့ကို အလွဲသုံးစားပြုမှု သတင်းထွက်ပေါ်လာခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် အစောပိုင်းမှစပြီး ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာ (Photo: AP)



ဒါ့အပြင် Wall Street Journal (WSJ) က ၎င်းတို့ ကြည့်ရှုခွင့်ရခဲ့တဲ့ စာရွက်စာတမ်းတွေအရ 1MDB ဘဏ္ဍာငွေမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို နဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်သို့ လွှဲပြောင်းပေးထားတဲ့ အထောက်အထား တွေ့ရှိရကြောင်း သတင်းဖော်ပြခဲ့ပါတယ်။

1MDB ဘဏ္ဍာငွေ အရှုပ်အထွေးဟာ မေလအတွင်း ပြုလုပ်ခဲ့တဲ့ မလေးရှားရွေးကောက်ပွဲမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်လာခဲ့ပြီးနောက် နဂျစ်ဟာ ၎င်းရဲ့ တစ်ချိန်ကဆရာဖြစ်ခဲ့သူ ဒေါက်တာမဟာသီယာမိုဟာမက်ကို ရှုံးနိမ့်ခဲ့ကာ အာဏာလက်လွှတ်ခဲ့ရပါတယ်။

မလေးရှားဝန်ကြီးချုပ် တစ်ကျော့ပြန်ဖြစ်လာတဲ့ မဟာသီယာက 1MDB မှ ပျောက်ဆုံးသွားတဲ့ ဘဏ္ဍာငွေတွေကို ပြန်လည်ရရှိအောင်ကြိုးပမ်းပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က