သရုပ်ဆောင် မေသန်းနုရဲ့ ငွေကြေးကိစ္စရပ်တွေအပေါ် ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင် တို့က ဖြေရှင်းပေးဖို့ အသင့်ရှိနေပြီလို့ ဆိုပါတယ်။ သားဖြစ်သူ ခံစားနေရတာတွေကိုလည်း မကြည့်ရက်တော့ဘူးလို့ ဒါရိုက်တာစင်ရော်မောင်မောင်ကပြောပါတယ်။
Photo: Zin Yaw Mg
ဒါရိုက်တာစင်ရော်မောင်မောင် ကတော့ ဇနီးဟောင်းဖြစ်သူ မေသန်းနုရင်ဆိုင်နေရတဲ့ ငွေကြေး အမှုကိစ္စတွေနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပေးတော့မယ်လို့ သိရပါတယ်။ ကျန်ရှိနေသော ကိစ္စများကိုလည်း ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
"Mediaများတွင်ထင်ပေါ်ကျော်ကြားလိုသောသူများကြောင့်လဲ သား၏မိခင်အပေါ် အထင်လွဲ အထင်သေးခြင်းများလဲ ဖြစ်ပေါ်လျက်ရှိပါသည်။ သား၏မိခင်မှာအမှားကျူးလွန်သည်မှန်သော်လည်း ယခု ဖြစ်ပေါ်နေသော သ တင်း များအားလုံး အတိုင်းမဟုတ်ပါ။အယုံလွယ်ခြင်း၊ စီးပွားရေး အတွေ့အကြုံအားနည်းခြင်း၊ လက်မှတ်အလွယ်တကူထိုးပေးခြင်း ၊ ၁၀/၂၀/၃၀ တိုးဖြင့်ငွေချေး ယူခြင်း တို့ကို ဆောင်ရွက်ရင်းဖြင့် နွံနစ်သွားခဲ့ခြင်းဖြစ်ပါသည်။သို့ပါ၍ ခိုင်မာသော ဥပဒေပ ညာ ရှင် များ ဖြင့် အမူအခင်းကို ဖြေရှင်းနေပါသည်။ ရန် ကင်း တ ရား ရုံး တွင် ဖြစ် ပွား ခဲ့ သော အမူ နဲ့ ပတ် သက် ရျ် (ပေးလျော် ရန် အ ဆင် သင့် ဖြစ် နေ ပြီ ဖြစ် ပါ သည်)အခြားကိစ္စများကိုလဲ ဥပဒေဘောင်အတွင်းမှ အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။
Photo: Zin Yaw Mg
ဒါရိုက်တာ စင်ရော်မောင်မောင် ဟာ မိခင်ဖြစ်သူအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ ခံစားချက်ကို မကြည့်ရက်တော့ဘူးလို့ ပြောလာပါတယ်။ မေသန်းနုရဲ့ အမှုကိစ္စကို အခွင့်ကောင်းယူပြီး မမှန်မကန် ပြောဆိုနေတဲ့ ကိစ္စတွေကိုလည်း ဥပဒေအတိုင်းဆောင်ရွက်သွားမယ်လို့ ဇန်နဝါရီလ ၃၀ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
"အကွက်ဆင်၍ မမှန်မကန်သောသက်သေများဖြင့် အမူဖန်တီးလျက်ရှိသောကိစ္စများ ကိုလည်း ဥပဒေဘောင်အတွင်းမှ ခုခံကာကွယ်သွားမည်ဖြစ်ပါသည်။ ယခုကိစ္စမှာလဲ မိခင်အတွက် အပူမီးတောက်လောင်နေ သားဖြစ်သူ မင်းသန့်မောင်မောင် ၏ သောက ကို မကြည့်ရက်သဖြင့် ဖခင် တစ်ယောက်အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာ ကိစ္စမှမပါဝင်ကြောင်းကိုလဲ ရိုးသားစွာဝန်ခံပါသည်" လို့ ဆိုပါတယ်။
Photo: Zin Yaw Mg
မေသန်းနုကတော့ လက်ရှိမှာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ထောင်ဒဏ် တစ်နှစ် ကျခံနေရတာ ဖြစ်ပါတယ်။ သူမအတွက် အနုပညာအသိုင်းအဝိုင်း ကရော၊ ပရိသတ်တွေ၊ မိသားစုတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒါကြောင့် ဒဒါရိုက်တာ စင်ရော်မောင်မောင်က ယင်း ငွေကြေး ကိစ္စရပ်တွေအပေါ် တတ်နိုင်သလောက် ဖြေရှင်းပေးသွားမယ်လို့ သိရပါတယ်။
“မဆင့်ကိစ္စတွင်ခံစားခဲ့ရသော နစ်နာသူများကိုလဲတောင်းပန်ပြီးဖြစ်ပါတယ်။ကျွန်တော်တတ်နိုင်သလောက် ပစ္စည်းများထုခွဲရောင်းချ၍သော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းများထံ မှအကူအညီ များဖြင့်လည်းကောင်း ၎င်းကိစ္စ များကိုဖြေရှင်းလျက်ရှိပါသည်။ကျွန်တော် ၊မင်းသန့်မောင်မောင် နှင့်မဆင့်တို့အပေါ်တွင်လည်းနားလည်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။အမှားများ ကိုလဲ အမြန်ဆုံးပြုပြင်နိုင်ပြီး ပြည်သူချစ်သော အနုပညာရှင်တစ်ဦးအဖြစ်ပြန်လည်ထွန်းတောက်လာ ပါစေကြောင်းမဆင့်အတွက် ကျွန်တော် ဆုမွန်ကောင်းတောင်းလျက် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်နေပါတယ်ခင်ဗျာ" ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါတယ်။
Photo: Zin Yaw Mg
ဒါရိုက်တာ စင်ရော်မောင်မောင်က လက်ရှိမှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို သားဖြစ်သူ မင်းသန့်မောင်မောင် ကို လွှဲပြောင်းပေးအပ်လိုက်ပြီးဖြစ်ပါတယ်။ သူဟာ ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး "မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။ ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြာတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။
Share