Merck ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ သောက်ဆေးက COVID-19 ရောဂါကို ကုသရာမှာ ထိရောက်မှုရှိကြောင်း အမေရိကန် FDA (Food and Drug Administration) အကြံပေးအဖွဲ့က ကနဦး အစီရင်ခံစာမှာ ပြောထားပါတယ်။
သို့သော် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ထိုဆေးကို မသောက်သုံးသင့်ကြောင်း FDA အကြံပေးအဖွဲ့ရဲ့ နိုဝင်ဘာ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာက သတိပေးထားပါတယ်။ အမေရိကန်ဆေးဝါးကုမ္ပဏီ Merck & Co နဲ့ Ridgeback Biotherapeutics ဇီဝနည်းပညာကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ပြီး Molnupiravir လို့ခေါ်တဲ့ သောက်ဆေးဟာ COVID-19 လူနာတွေအတွက် အန္တရာယ်ထက် အကျိုးကျေးဇူး ပိုများတယ်လို့ ဆိုပါတယ်။
ယခုအစီရင်ခံစာက FDA ကျွမ်းကျင်သူတွေအဖွဲ့ကို လမ်းညွှန်မှုပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး ၎င်းတို့က Molnupiravir သောက်ဆေးကို ကပ်ရောဂါကုသရာမှာ အရေးပေါ်သုံးအဖြစ် တရားခွင့်ပြုချက်ပေး မပေး အင်္ဂါနေ့ (နိုဝင်ဘာ ၃၀ ရက်) မှာ စဥ်းစားသုံးသပ်သွားမယ်လို့ သိရပါတယ်။
(Photo: AP)
FDA က Molnupiravir သောက်ဆေးကို ခွင့်ပြုချက်ပေးခြင်းဟာ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေး၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကူးစက်ခံလူနာတွေကို ပြုစုကုသရာမှာ အစွမ်းထက်ဆေးဝါး ရရှိနိုင်ရေး အဓိကကျတဲ့ ခြေလှမ်းသစ်ဖြစ်လာမယ်လို့ လေ့လာသူတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့မှာ Merck က ထုတ်ပြန်ခဲ့တဲ့ ဆေးဝါးစမ်းသပ်မှု ရလဒ်အပြည့်အစုံအရ Molnupiravir သောက်ဆေးကို ကူးစက်ခံရပြီးပြီးချင် သောက်သုံးသူတွေဟာ COVID-19 ကြောင့် ဆေးရုံတက်ရမှုနှုန်းနဲ့ ရောဂါပြင်းထန်သူတွေမှာ သေဆုံးမှုနှုန်းတွေကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးကြောင်း သိရှိရပါတယ်။
ထိုရာခိုင်နှုန်းဟာ Merck က ကနဦး ထုတ်ပြန်ခဲ့တဲ့ ၅၀ ရာခိုင်နှုန်းထက် များစွာလျော့ကျနေတယ်လို့ ဆိုပါတယ်။ FDA အကြံပေးအဖွဲ့ အစီရင်ခံစာက Molnupiravir သောက်ဆေးဟာ COVID-19 မပြင်းထန်သူတွေကနေ အတန်အသင့် ပြင်းထန်သူတွေမှာ ထိရောက်မှုရှိကြောင်း သို့မဟုတ် ဆေးရုံတက်ရတဲ့အန္တရာယ် လျှော့ချပေးကြောင်း အတည်ပြုထားပါတယ်။
(Photo: Sarah Silbiger / Getty Images)
အဆိုပါဆေးကို စမ်းသပ်ရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် ကိုယ်ဝန်ဆောင်တွေ မသောက်သုံးသင့်ဘူးလို့လည်း အမေရိကန် FDA အကြံပြုအဖွဲ့က အစီရင်ခံစာမှာ သတိပေးထားပါတယ်။ COVID-19 ကုသရေးမှာ ထိရောက်မှုရှိတဲ့ ဗိုင်းရပ်စ်သတ် သောက်ဆေးတွေရှိလာပါက ကြီးမားတဲ့အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ ကုထုံးတွေမှာတော့ ယခင်ရှိပြီးသား ပဋိဇီဝဆေးတွေကို အားကိုးနေရပါတယ်။ များသောအားဖြင့် လက်ရှိကုထုံးတွေဟာ ထိုးဆေးများ ထိုးပေးရတာကြောင့် ကုသရေးမှာ ပိုမိုခက်ခဲပါတယ်။ COVID-19 ကုသရန် သောက်ဆေးတွေရှိလာပါက လူနာအနေနဲ့ နေအိမ်မှာပင် အလွယ်တကူသောက်နိုင်ပြီး ရောဂါကုသနိုင်မှာ ဖြစ်ပါတယ်။
(Photo: Merck)
နောက်ထပ် အမေရိကန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Pfizer ကလည်း ၎င်းတို့ အသစ်ထုတ်ထားတဲ့ ဗိုင်းရပ်စ်သတ် သောက်ဆေးနဲ့ ritonavir အမည်ရှိ ယခင်ရှိပြီးသား ဗိုင်းရပ်စ်သတ် သောက်ဆေးတို့ကို ပေါင်စပ်သောက်ရတဲ့ Paxlovid ခေါ် ကုထုံးဆေးကိုလည်း အမေရိကန် FDA ခွင့်ပြုချက်ရရန် ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
Merck နဲ့ Pfizer တို့က ထုတ်လုပ်ထားတဲ့ ဗိုင်းရပ်စ်သတ် သောက်ဆေးနှစ်မျိုးလုံးဟာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ရဲ့ ခန္ဓာကိုယ်တွင်း ပွားများနိုင်စွမ်းကို လျှော့ချပေးပြီး ရောဂါဖြစ်မှု နှေးကွေးစေကြောင်း သိရပါတယ်။ Merck ရဲ့ Molnupiravir သောက်ဆေးကို ဗြိတိန်က COVID-19 ကုသရန်အတွက် တရားဝင်ခွင့်ပြုချက်ပေးထားပါတယ်။ Molnupiravir ကို ဗြိတိန်မှာ Lagevrio အမှတ်တံဆိပ်ဖြင့် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ဗီဇပြောင်း ဗိုင်းရပ်စ်အသစ် အိုမစ်ခရွန်
COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေဟာ ကမ္ဘာတစ်ဝန်း အရှိန်အဟုန်ကောင်းနေဆဲဖြစ်ပြီး လတ်တလော တောင်အာဖရိကမှာ အသစ်တွေ့ရှိလာရတဲ့ အိုမစ်ခရွန် (Omicron) ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ အိုမစ်ခရွန်ဗိုင်းရပ်စ်ကို 'စိုးရိမ်စရာ' အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က နိုဝင်ဘာ ၂၆ ရက်နေ့မှာ သတ်မှတ်ခဲ့ပါတယ်။
(Photo: Reuters)
WHO အနေနဲ့ အိုခစ်ခရွန်ဗိုင်းရပ်စ်ရဲ့ ဗီဇပြောင်းလဲမှုကို အပြည့်အဝ သိရှိနားလည်ရန် ရက်သတ္တပတ်အနည်းငယ်ကြာမယ်လို့ ဆိုပါတယ်။
အိုမစ်ခရွန်ဟာ အခြား ဗီဇပြောင်း ဗိုင်းရပ်စ်တွေထက် ပိုမိုကူးစက်နိုင်သလား သို့မဟုတ် ကူးစက်တတ်သလားဆိုတာနဲ့ လက်ရှိ ကာကွယ်ဆေးတွေက ထိုဗိုင်းရပ်စ်အတွက် ထိရောက်မှုရှိ မရှိ သိရှိဆုံးဖြတ်ရန် ကျန်းမာရေးတာဝန်ရှိသူတွေက ကြိုးပမ်းနေပါတယ်။
သို့သော် အိုမစ်ခရွန်ဟာ ပိုမိုကူးစက်နိုင်ပြီး ကာကွယ်ဆေးတွေကို ပိုမိုခုခံနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအများအပြားက အိုမစ်ခရွန်ဗိုင်းရပ်စ်ကို စိုးရိမ်တာကြောင့် အာဖရိကနိုင်ငံ အတော်များများမှ ခရီးသွားဝင်ရောက်မှုတွေကို ပိတ်ပင်လိုက်ကြပါတယ်။ အိုမစ်ခရွန်ဟာ ပုံမှန်မဟုတ်တဲ့ ဗီဇပြောင်းလဲမှုများရှိကြောင်းနဲ့ ကမ္ဘာမှာ ပျံ့နှံ့နေခဲ့တဲ့ အခြား ဗီဇပြောင်းဗိုင်းရပ်စ်တွေနဲ့ အလွန်ကွဲပြားခြားနားနေကြောင်း သိရပါတယ်။
Share